ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဝေဖန်နေတဲ့ ဖိလစ်ပိုင်နိုင်ငံက ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထပ်ပြီး ရင့်ရင့်သီးသီး ဆဲဆိုပြီးတော့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မနီလာမြို့မြောက်ပိုင်းက ကျောင်းအုတ်မြစ်ချပွဲအခမ်းအနားအတွင်း သမ္မတ ဒူတာတေးက ကက်သလစ် ဘုန်းကြီးတွေကို ဆဲဆိုခဲ့ပြီး ဘုန်းကြီးအများစုဟာ လိင်တူချင်းစုံမက်သူတွေဖြစ်တယ် လို့လည်း ပြောခဲ့ပါတယ်။ ဘာကြောင့် အခုလို ရင့်ရင့်သီးသီး ဆဲဆို ဝေဖန်ပြောဆိုခဲ့သလဲ ဆိုတာကိုတော့ သမ္မတ ဒူတာတေးက မပြောခဲ့ပါဘူး။
ဒါ့အပြင် ကက်သလစ်ဘုန်းတော်ကြီးတွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပြီး ဗြဟ္မစရိယ ကျင့်ကြံ အားထုတ်တာတွေကိုမလုပ်ဘဲ ရည်းစားထားခွင့်ပေးဖို့ ပြောလိုက်ပါတယ်။ သူငယ်ငယ်တုန်းက ဘုန်းတော်ကြီး တပါးက သူ့ကို လိင်ပိုင်းဆိုင်ရာအရ မဖွယ်မရာလုပ်ဖူးတယ်ဆိုပြီး သူသမ္မတဖြစ်ခါစက သမ္မတဒူတာတေးက ပြောခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာတော့ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေဟာ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေ ကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖိလစ်ပိုင်နိုင်ငံမှာတော့ အဲဒီလို လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေ ကြီးကြီးမားမားဖြစ်ပေါ်တာတော့မရှိသေးပါဘူး။ ၂၀၁၆ မှာ သမ္မတဖြစ်လာချိန်က စတင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ဆောင်လာခဲ့တဲ့ သမ္မတဒူတာတေးအပေါ်မှာ လူထုထောက်ခံမှု အကြီးအကျယ် ဆက်ရှိနေပေမယ့် လူထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ သူ့ရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းအပေါ်မှာတော့ သံသယတွေ တိုးလာနေကြပါတယ်။