သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်စစ်တပ်နဲ့ မူဆလင်သူပုန် တိုက်ပွဲရက်ရှည်


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မြို့တမြို့ရဲ့ အချက်အခြာနေရာတွေကို သိမ်းပိုက်ထားတဲ့ မူဆလင်သူပုန်တွေနဲ့ စစ်တပ်တို့ကြား ၃ ရက်မြောက်နေ့အဖြစ် ဗုဒ္ဓဟူးနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

မင်ဒါနာအိုကျွန်းပေါ်က Zamboanga မြို့မှာ Moro အမျိုးသားလွတ်မြောက်ရေးတပ်ဦး MNLF တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်းလည်း စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။

ခန့်မှန်းချေ သူပုန်အင်အား ၂၀၀ လောက်ဟာ အရပ်သားတွေကို အကာအကွယ်ယူပြီး စီးနင်းထားတယ်လို့ ယူဆထားတဲ့ ကမ်းရိုးတန်းဒေသက ကျေးရွာ ၄ ရွာကိုတော့ စစ်တပ်က ဝိုင်းထားပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံပေါင်း ထောင်သောင်းချီထွက်ပြေးခဲ့ကြသလို လူ ၁ သန်းလောက် နေထိုင်ရာ ဒေသမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေတာပါ။ Zamboanga မြို့တော်ဝန်ရဲ့ အင်တာနက်ပေါ်မှာ ဖော်ပြခဲ့တဲ့ ကြေညာချက်ထဲမှာတော့ သူပုန်တွေနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့အကြောင်း ဖော်ပြထားပါတယ်။

အစားအသောက်တွေ တောင်းခံခဲ့ကြတဲ့ သူပုန်တွေက အပြန်အလှန် အနေနဲ့ ဓားစားခံ အနည်းဆုံး ၇ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နောက်ထပ် အရပ်သား ၁၀၀ လောက်ဟာ သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေထဲမှာ ရှိနေတုန်းပဲလို့လည်း မြို့တော်ဝန် Maria Isabelle Climaco ကပြောပါတယ်။

MNLF သူပုန်အဖွဲ့ကတော့ မူဆလင်တွေ အများစုရှိရာ နိုင်ငံတောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမဲ့လည်း အစိုးရက ကတိပျက်တယ်ဆိုပြီး အဖွဲ့ဝင်တချို့က ဆက်လက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG