သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်းကြောင့် လူ ၂၀ ကျော်သေဆုံး


ဖိလစ်ပိုင်မှာ ၃ ရက်ကြာတိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း Hagupit ကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်များ။ (ဒီဇင်ဘာ ၈၊ ၂၀၁၄)
ဖိလစ်ပိုင်မှာ ၃ ရက်ကြာတိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း Hagupit ကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်များ။ (ဒီဇင်ဘာ ၈၊ ၂၀၁၄)

ဖိလစ်ပိုင်နိုင်ငံကို အင်အားပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ပြီးကတည်းက လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ အဲဒီအထဲက အနည်းဆုံး ၁၈ ယောက်လောက်ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ တိုင်ဖုန်းမုန်တိုင်း Hagupit စတင် ဝင်ရောက်ခတ်တဲ့ Samar ကျွန်းက ဖြစ်တယ်လို့ ကြက်ခြေနီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး Gwendolyn Pang က ဒီကနေ့ ပြောပါတယ်။

မုန်တိုင်းဟာ အင်အားသိပ်မပြင်းတော့တဲ့ အပူပိုင်းမုန်တိုင်းအဖြစ် အင်္ဂါနေ့မှာ မြို့တော်မနီလာကို ဝင်ရောက်တိုက်ခတ်ဖို့ ရှိနေတဲ့အချိန်မှာ အသေအပျောက်စာရင်းကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ကျောင်းတွေနဲ့ အစုရှယ်ယာ ဈေးတွေကိုပိတ်ထားတဲ့အပြင် အစိုးရဝန်ထမ်းတွေကိုလည်း အိမ်မှာပဲနေကြဖို့ အမိန့် ထုတ်ပြန်ထားပြီး လေကြောင်းလိုင်း ခရီးစဉ်တွေကိုလည်း ဖျက်ထားပါတယ်။

မုန်တိုင်းဟာ စနေနေ့က ကုန်းတွင်းပိုင်းကို စတင် ဝင်ရောက်တိုက်ခတ်တာမှာ ကမ်းခြေတလျှောက် အိမ်ခေါင်မိုးတွေ လန်ထွက်၊ လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပါတယ်။ အနောက်မြောက်ဘက်ကို ဦးတည် တိုက်ခတ်နေတဲ့ မုန်တိုင်းဟာ တနာရီကို ၆ မိုင်ကျော်နှုန်းနဲ့သာ တိုက်ခတ်နေတာကြောင့် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်သွားဖို့အတွက် ၃ ရက်လောက်ကြာမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG