ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ အပျက်အစီး များလှတဲ့ တိုင်ဖုန်းမုန်တိုင်း ၀င်သွားခဲ့ပြီးနောက် အသေအပျောက်က နှိုင်းယှဉ်မှုအရ နည်းပြီး မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်နိုင်အောင် ဂရုတစိုက် ပြင်ဆင်ခဲ့တဲ့အတွက် သမ္မတ ဘန်နစ်နို အကွီနို (Benigno Aaquino) က အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။
မုန်တိုင်းက တရုတ်နိုင်ငံကို ဦးတည် သွားနေပါပြီ။
တိုင်ဖုန်းမုန်တိုင်း မက်ဂီဟာ မြောက်ပိုင်းက လူဇုန်ကျွန်းကို တနာရီ ၁၃၅ မိုင်နှုန်းနဲ့ ၀င်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လူ ၁၁ ယောက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားပါတယ်။
မုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကျွတ်သွားပြီး အမိုးတွေလန်၊ စပါးတွေ ပျက်ခဲ့ရပါတယ်။
တိုင်ဖုန်းမုန်တိုင်းဒဏ် ခံနိုင်တဲ့ အဆောက်အဦးတွေဆီကို လူ ထောင်ပေါင်းများစွာ ရွှေ့ခဲ့ကြရပါတယ်။ အဓိကကျတဲ့ နေရာတွေမှာ အရေးပေါ် ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကို ချထားခဲ့ပါတယ်။
လေးနှစ်အတွင်း တိုက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ တိုင်ဖုန်း မက်ဂီဟာ အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူဇုန်ကျွန်းက တောင်ပေါ်တွေကို ဖြတ်တဲ့အခါမှာတော့ အားနည်းသွားခဲ့ပေမဲ့ တောင်တရုတ် ပင်လယ်ထဲ ရောက်တဲ့အခါမှာ ပြန်အားကောင်းသွားခဲ့ပြန်ပါတယ်။