သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း Rammasun မုန်တိုင်းဒဏ် ဖိလစ်ပိုင်အသင့်ပြင်


Rammasun တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းဘက်ကို အင်္ဂါနေ့မှာ စတင် ဝင်ရောက်ခဲ့တာကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ မိုးသည်းထန်စွာရွာနေပြီး လေပြင်းတွေနဲ့အတူ တိုင်ဖုန်းမုန်တိုင်းဟာ မနီလာမြို့တော်ရှိရာဘက်ကို ဦးတည် တိုက်ခတ်နေပါတယ်။

မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားတဲ့ ဗုဒ္ဓဟူးနေ့အတွင်း မနီလာမြို့တော်ထဲက အစိုးရရုံးတွေ၊ ကျောင်းတွေကို ပိတ်ထားဖို့ သမ္မတ Benigno Aquino က အမိန့်ထုတ်ထားပါတယ်။ အနောက်မြောက်ဘက်ကို ဦးတည်သွားနေတဲ့ မုန်တိုင်းအရှိန်ဟာ အားလျော့မသွားဘဲ ပိုအရှိန်ပြင်းလာခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနချုပ်က ပြောပါတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင် ၉၀ ကျော်၊ လေပြင်းတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အင်္ဂါနေ့ မုန်တိုင်းဝင်မလာခင်ကတည်းက ပြည်တွင်းလေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ပြီး သင်္ဘောလမ်းကြောင်းတွေကိုလည်း ပိတ်ခဲ့တဲ့အတွက် ကတို့သင်္ဘောစီးမယ့် ခရီးသည်ရာနဲ့ချီ ဆိပ်ကမ်းတွေမှာ သောင်တင်နေပါတယ်။ ရေကြီး မြေပြိုနိုင်တဲ့နေရာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေကိုလည်း အာဏာပိုင်တွေက အရေးပေါ် ကယ်ဆယ်ရေးစင်တာတွေဆီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ပြည်သူ ၄၃ သန်းလောက် Rammasun တိုင်ဖွန်းမုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ခန့်မှန်းထားကြောင်း ကုလသမဂ္ဂကပြောပြီး ကူညီကယ်ဆယ်ရေးအတွက် အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဟိုင်ယန်မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ နိုဝင်ဘာလကတည်းက ဆိုရင် ဖိလစ်ပိုင်မှာ အင်အားပြင်း Rammasun တိုင်ဖုန်းမုန်တိုင်း ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခတ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG