ဖိလစ်ပိုင်သမ္မတ (Ferdinand Marcos Jr.) ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ အသက်အန္တရယ် ခြိမ်းခြောက်ခံနေရတဲ့အတွက် လုံခြုံရေး အထူးကြပ်မတ်ထားတယ်လို့ သမ္မတအိမ်တော်ကနေ ဒီကနေ စနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒုတိယ သမ္မတ (Sara Duterte) ဆာရာဒူတာတေးက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေကြောင်းနဲ့ သူသာအသတ်ခံခဲ့ရရင် သမ္မတမားကိုစ်ကိုရော သမ္မတကတော်ကိုပါ သတ်ဖို့ လူသတ်သမားကို ငှားရမ်းညွှန်ကြားထားတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပြီးနောက် သမ္မတနန်းတော်က အခုလို ထုတ်ပြန်ခဲ့တာပါ။ သူသာ အသတ်ခံခဲ့ရရင် သမ္မတ၊ သမ္မတကတော်သာမက သမ္မတရဲ့ ညီအကိုဝမ်းကွဲတော်သူ လွှတ်တော်ဥက္ကဌ Martin Romualdez ကိုပါ သတ်ဖို့ ညွှန်ကြားထားတယ်လို့ ဒုသမ္မတ ဆာရာဒူတာတေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့တာပါ။ ဒုသမ္မတ ဆာရာဒူတာတေးဟာ ယခင်သမ္မတဟောင်း (Rodrigo Duterte) ရော့ရီဂို ဒူတာတေးရဲ့သမီး ဖြစ်ပါတယ်။
သမ္မတရဲ့ အသက်ကို တိုက်ရိုက်ခြိမ်းခြောက်မှု မှန်သမျှကို အရေးတကြီး အလေးထား ကိုင်တွယ်ဖို့ လိုတာကြောင့် စုံစမ်းမှုချက်ချင်းလုပ်ဖို့ အမိန့်ပေးထားတယ်လို့ ရဲချုပ် Rommel Francisco Marbil က ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ နိုင်ငံရေး အရှိန်အဝါကြီးတဲ့ မိသားစုနှစ်ခုဖြစ်တဲ့ မားကို့စ်မိသားစုနဲ့ ဒူတာတေးမိသားစုအကြား ပြီးခဲ့တဲ့လပိုင်းကစလို့ မဟာမိတ် ဆက်ဆံရေးပျက်ပြားပြီး မသင့်မတင့်ဖြစ်ခဲ့ပါတယ်။ တဘက်နဲ့တဘက် အပြန်အလှန်စွပ်စွဲမှုတွေနဲ့ ခါးခါးသီးသီးဖြစ်နေကြတာပါ။
ဖိလစ်ပိုင်မှာ ဒုသမ္မတအတွက် ရွေးကောက်ပွဲကို သီးခြားကျင်းပ ရွေးချယ်တာဖြစ်ပြီး ဒုသမ္မတအနေနဲ့ နိုင်ငံတော်တာဝန်တွေကို ယူရတာမျိုး မဟုတ်ဘဲ လူမှု စီးပွားတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ကြလေ့ ရှိပါတယ်။
Forum