သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ရေပိုင်နက် အငြင်းပွားမှု ဖိလစ်ပိုင် ကုလမှာ ဖြေရှင်းမည်


တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ မနီလာမြို့က တရုတ်ကောင်စစ်ဝန်ရုံး ရှိရာကို ချီတက် ဆန္ဒပြနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားများ။ (မေလ ၁၁ ရက်၊ ၂၀၁၂)။
တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ မနီလာမြို့က တရုတ်ကောင်စစ်ဝန်ရုံး ရှိရာကို ချီတက် ဆန္ဒပြနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားများ။ (မေလ ၁၁ ရက်၊ ၂၀၁၂)။
တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ကာလကြာရှည်စွာ အငြင်းပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံကို ဖိလစ်ပိုင်က ကုလသမဂ္ဂမှာ တရားစွဲဆိုမှာဖြစ်ပါတယ်။

နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ သံတမန်ရေးအရ ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးအရ လုပ်ဆောင်မှုတွေ အားလုံးဟာ အောင်မြင်မှုမရှိဘဲ ဖြစ်နေရတာမို့ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေချမှတ်ပြီး အဆုံးအဖြတ်ပေးတဲ့ နိုင်ငံတကာ တရားရုံး International Tribunal on the Law of the Sea ( UNCLOS) မှာ တရုတ်နိုင်ငံကို ဖိလစ်ပိုင်က တရားစွဲဆိုမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံက တင်သွင်းတဲ့အထဲမှာ UNCLOS ကသတ်မှတ်ထားတဲ့ ရေကြောင်းပိုင်နက် သတ်မှတ်မှုနဲ့ တရုတ်ရဲ့ သတ်မှတ်မှုတွေ ကွဲလွဲနေကြောင်းပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ပဋိဉာဉ်စာတမ်းကို တရုတ်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံစလုံးက လက်မှတ်ရေးထိုးထားပြီး ကုလ သမဂ္ဂက သတ်မှတ်ထားတဲ့ နိုင်ငံတနိုင်ငံအတွက် ပိုင်ဆိုင်ခွင့်ပြုတဲ့ နယ်မြေနဲ့ နိုင်ငံတနိုင်ငံရဲ့ ကမ်းရိုးတန်းကနေ ကီလိုမီတာ ၃၇၀ အထိ စီးပွားရေးအထူးဇုံ သတ်မှတ်ခွင့်တွေ အတိုင်း ဖိလစ်ပိုင်နိုင်ငံက တောင်းဆို တာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရကပြောပါတယ်။

တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ပြင်ရဲ့ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၃ သန်း ၅ သိန်း လောက်နီးပါးကို ပိုင်ဆိုင်တယ်လို့ ကြေညာခဲ့တာမို့ ဒါဟာ ဖိလစ်ပိုင်နိုင်ငံနဲ့သာမက ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့နဲ့ပါ အငြင်းပွားစေတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ဘက်က ချက်ချင်းတုံ့ပြန်မှုမပေးသေးပေမဲ့ ဒီနယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေကို တိုက်ရိုက်ဆွေးနွေးမှုတွေနဲ့ ညှိနှိုင်းသင့်တယ်လို့ အရင်ကတည်းက ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG