သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ကူးတို့သင်္ဘောမှောက် ၂၈ ဦးသေဆုံး


နှစ်မြှုပ်သွားတဲ့ ကူးတို့သင်္ဘောနဲ့ တိုက်မိခဲ့တဲ့ ကုန်တင်သင်္ဘော။ (သြဂုတ်လ ၁၇ ရက်၊ ၂၀၁၃)။
နှစ်မြှုပ်သွားတဲ့ ကူးတို့သင်္ဘောနဲ့ တိုက်မိခဲ့တဲ့ ကုန်တင်သင်္ဘော။ (သြဂုတ်လ ၁၇ ရက်၊ ၂၀၁၃)။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆီဘူးခရိုင် ကမ်းရိုးတမ်းအလွန်မှာ သောကြာနေ့က ကုန်တင်သင်္ဘောတစီးနဲ့ တိုက်မိပြီး နစ်မြှုပ်သွားတဲ့ ခရီးသည်တင် သင်္ဘောပေါ်က ပျောက်ဆုံးနေတဲ့ လူပေါင်း ၂၀၀ ကျော်ကို ရေငုပ်သမားတွေက လိုက်လံ ရှာဖွေနေကြပါတယ်။ ခရီးသည်တင် သင်္ဘောဟာ ကုန်တင် ပင်လယ်ကူးသင်္ဘောနဲ့ တိုက်မိပြီး မကြာခင်မှာ နစ်မြှုပ်သွားခဲ့ပါတယ်။

လူပေါင်း ၂၆ ယောက် သေဆုံးသွားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ရေအောက် မီတာ ၃၀ လောက်မှာ နစ်မြှုပ်နေတဲ့ သင်္ဘောအတွင်းမှာ ပိတ်မိနေတဲ့ လူအရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ကမ်းခြေစောင့် တပ်ဖွဲ့ရဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ၊ ငါးဖမ်းသမားတွေနဲ့ တခြား သင်္ဘောငယ်လေးတွေပေါ်က လူတွေက လူပေါင်း ၆၀၀ ကျော်ကို ညအမှောင်ထုအတွင်း ပင်လယ်ထဲကနေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နစ်မြှုပ်သွားတဲ့ စိန့် သောမတ်စ် အကွီးနားစ် ခရီးသည်တင်သင်္ဘောဟာ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း ၈၇၀ တင်ဆောင်လာတာ ဖြစ်ပြီး တန်ချိန် ၁ သောင်း ၁ ထောင်ရှိတဲ့ ဆူလ်ပီကို အိပ်စ်ပရက်စ် အမှတ် (၇) အမည်ရှိတဲ့ ကုန်တင်သင်္ဘောနဲ့ ဆီဘူးမြို့အနီးမှာ တိုက်မိပြီး နစ်မြှုပ်သွားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောတိုက်မှု ဖြစ်ပွားအပြီး ခရီးသည်တင် သင်္ဘောရဲ့ မာလိန်မှူးက ခရီးသည်တွေကို သင်္ဘောကို စွန့်ခွာကြဖို့ သတိပေးအပြီး နာရီဝက် အတွင်းမှာ သင်္ဘောမြှုပ်သွားခဲ့တာပါ။ လူအများစုဟာ အသက်ကယ် အင်္ကျီတွေဝတ်ဆင်ပြီး အမှောင်ထုအတွင်း ပင်လယ်ထဲကို ခုန်ချ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ခရီးသည်တွေထဲမှာ ကလေးငယ်တွေ ရင်ခွင်ပိုက် ကလေးတွေ အများအပြား ပါတယ်လို့လည်း ဆိုပါတယ်။
XS
SM
MD
LG