သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ကိစ္စ တရုတ်နဲ့ဖိလစ်ပိုင်သမ္မတတို့ ဆွေးနွေး


ဖိလစ်ပိုင်ကမ်းစောင့်တပ်သင်္ဘောအနီးတွေ့ရတဲ့ တရုတ်ကမ်းစောင့်တပ်သင်္ဘော၊ နိုဝင်ဘာ ၁၀၊ ၂၀၂၃
ဖိလစ်ပိုင်ကမ်းစောင့်တပ်သင်္ဘောအနီးတွေ့ရတဲ့ တရုတ်ကမ်းစောင့်တပ်သင်္ဘော၊ နိုဝင်ဘာ ၁၀၊ ၂၀၂၃

ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီး ရေနယ်နိမိတ်ပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ လျော့ချနိုင်ရေး၊ ငါးပေါတဲ့နေရာတွေကို ဖိလစ်ပိုင်တံငါသည်တွေ သွားရောက် ငါးဖမ်းနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ရေပြင်ပိုင်နက် အငြင်းပွားနေကြတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေ ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပတဲ့ APEC ထိပ်သီးဝေးပွဲပြင်ပမှာ သောကြာနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်အကြား ဆက်သွယ်ရေးလမ်းကြောင်း ပုံမှန်ထားရှိဖို့လိုအပ်ကြောင်းနဲ့ ငြိမ်ချမ်းတည်ငြိမ်ရေးနဲ့ တောင်တရုတ်ပင်လယ်ထဲက ရေကြောင်းလမ်း လေကြောင်းလမ်းတွေကို လွတ်လွတ်လပ်လပ် သွားလာနိုင်ရေးတို့အတွက် အခုလို တွေ့ဆုံဆွေးနွေးမှုက အဓိကကျတယ်လို့ သမ္မတ Marcos Jr. က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ဖြစ်ရပ်အပါအဝင် နှစ်နိုင်ငံ သင်္ဘောတွေ မကြာခန ထိပ်တိုက် ရင်ဆိုင်မှုဖြစ်တဲ့ ကိစ္စတွေအပေါ် ဖိလစ်ပိုင်ရဲ့ စိုးရိမ်မှုနဲ့ ဖိလစ်ပိုင်ငါးဖမ်းသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိစ္စတွေကို တရုတ်သမ္မတကို ပြောကြားခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။

ပထဝီနိုင်ငံရေးပြဿနာတွေက နှစ်နိုင်ငံဆက်ဆံရေးကို အဆုံးအဖြတ်ပေးစေတဲ့ အကြောင်းအရာ မဖြစ်သင့်ဘူးဆိုတာကို သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦး သဘောတူခဲ့ကြတယ်လို့လည်း သမ္မတ Marcos Jr. က ပြောပါတယ်။

သမ္မတ Ferdinand Marcos Jr. ဟာ သူအာဏာရယူခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ သူ့အရင်သမ္မတ Rodrigo Duterte လို တရုတ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးလမ်းကြောင်းကို မရွေးချယ်ဘဲ အမေရိကန်နဲ့ ပိုမို နွေးထွေးတဲ့ ဆက်ဆံရေးလမ်းကြောင်းကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။

XS
SM
MD
LG