ခရစ္စမတ်ပွဲတော်ရက်မှာ ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Nock-Ten မုန်တိုင်းကြောင့် တနင်္လာနေ့က မြို့တော် မနီလာမှာ မိုးသည်းလေထန်ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရကြောင်းနဲ့ သေဆုံးသူတွေထဲမှာ မနီလာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ Albay ပြည်နယ်က စုံတွဲတတွဲဟာ ရေစီးနဲ့အတူ မျောပါသွားတာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တနင်္ဂနွေနေ့ညနေပိုင်းက ဝေးလံတဲ့ Catanduanes ကျွန်းကို မုန်တိုင်းဝင်ရောက်ခဲ့လာခဲ့စဉ်မှာ လေပြင်းတိုက်နှုန်း ၁ နာရီကို ၂၅၅ ကီလိုမိုတာအထိရှိခဲ့ပြီး မြေပြိုကျမှုတွေ ရှိခဲ့ပါတယ်။ ဒေသအခေါ် တိုင်ဖုန်းမုန်တိုင်း နီနာ ဟာ အနောက်ဘက်က တောင်တန်းတွေနဲ့ ကျွန်းတွေရှိရှာကို ရွေ့သွားတဲ့ လမ်းတလျှောက်မှာ နေအိမ်တွေပျက်စီး၊ သစ်ပင်တွေ အမြစ်ကလန် ပြိုလဲကျခဲ့သလို တယ်လီဖုန်းလိုင်းတွေလည်း ပြတ်ကုန်ပါတယ်။ အဲဒီနောက် လေမုန်တိုင်းဟာ အားပျော့သွားပြီး တောင်တရုတ်ပင်လယ်ဘက်ကို ရွေ့လျားထွက်ခွာသွားပါတယ်။
လူပေါင်း ၂ သိန်းထက်မနည်းကို နေရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားခဲ့ပေမယ့် ရိုမဲန်ကက်သလစ်ဘာသာဝင်အများစုဖြစ်တဲ့ ဖိလစ်ပိုင်မှာ ခရစ္စမတ်ပွဲတော်ကျင်းပကြချိန်ဖြစ်နေတာကြောင့် အိမ်တွေကထွက်ခွာဖို့ ပြောရတာ အလွန်ခက်ခဲကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Albay ပြည်နယ်ရဲ့ သဘာဝဘေးဆိုင်ရာ အရာရှိ Cedric Deap က အေပီသတင်းဌာနကို တယ်လီဖုန်းနဲ့ ပြောခဲ့ရာမှာ သူက အိမ်ထဲမှာ ဆက်နေမယ်ဆိုရင် သေဘေးတွေ့မယ်လို့ သတိပေးတာတောင်မှ တချို့လူတွေက အိမ်တွေကထွက်သွားဖို့ ငြင်းဆို ကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တချို့လူတွေက မုန်တိုင်းအပြင်းဆုံးတိုက်နေချိန်မှာတောင် ကားတွေမောင်းပြီးအပြင်ထွက်ကြ၊ လမ်းထွက် လျှောက်နေကြကြောင်းနဲ့ ကျနော်တို့က သတိပေးလို့ပဲရတယ်၊ သူတို့စိတ်ကိုတော့ လိုက်ထိန်းချုပ်လို့ မရဘူး- လို့လည်း ပြောပါတယ်။
ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ် ၈၀ ကျော်ကို ဖျက်သိမ်းထားကြောင်း အရပ်သားကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။ မနီလာမြို့ကို မုန်တိုင်းဝင်လာတဲ့အခါ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်၊ ရေလွှမ်းမိုးတာတွေဖြစ်လာနိုင်ကြောင်းလည်း သတိပေးထား ပါတယ်။