သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သူပုန်တွေ ကနေဒါဓားစာခံကို ကွပ်မျက်


သူပုန်အဖွဲ့အဖြစ်ကနေ လူတွေကို ပြန်ပေးဆွဲပြီး ငွေနဲ့ ပြန်ရွေးဖို့ တောင်းဆိုနေတဲ့အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း သူတို့ရဲ့ ပြန်ပေးဆွဲမှုတွေကို ပိုမို လုပ်ဆောင်လာနေတာမှာ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲပြီး အခုနောက်ဆုံး ကနေဒါနိုင်ငံသား ဓားစာခံတဦးကို ခေါင်းဖြတ်သတ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

Abu Sayyaf အဖွဲ့ဝင်တွေကို အပူတပြင်း လိုက်လံ ရှာဖွေ ဖမ်းဆီးသွားမယ်လို့ ဖိလစ်ပိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ပြီး သန္ဓိဌာန် ပြုလိုက်ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ al-Qaida အဖွဲ့ရဲ့ ငွေကြေး အထောက်အပံ့နဲ့ စတင်ခဲ့တဲ့ ဒီအဖွဲ့ဟာ သူတို့ရဲ့ မူလ ခံယူချက်တွေကို စွန့်လွတ်ပြီး ငွေကြေး အမြောက်အများရနိုင်တဲ့ ပြန်ပေးဆွဲတာတွေကို ဦးစားပေး လုပ်လာနေတာပါ။ ဒီအဖွဲ့ဟာ ပြန်ပေးငွေ ရနိုင်ဖို့အတွက် ဖိလစ်ပိုင်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၂၀ လောက်ကိုလည်း ထိန်းသိမ်းထားတယ်လို့ ယုံကြည်ရပါတယ်။

နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ကလည်း Abu Sayyaf လို အဖွဲ့အစည်းတွေ အများဆုံး လှုပ်ရှားတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ Mindanao ကျွန်းကို ခရီးမသွားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်အစိုးရအနေနဲ့ ၂၀၁၄ ခုနှစ်ကစလို့ Abu Sayyaf အဖွဲ့အပေါ် စစ်ဆင်ရေးတွေ တိုးမြင့်လုပ်ဆောင်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးဌာန အကြီးအကဲ Noel Detoyato က ထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG