သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ဓားစာခံအရေး ပြီးဆုံး၊ လူ ၈ ဦးသေ


စိတ်ပျက်လက်ပျက် မကျေမနပ် ဖြစ်နေတဲ့ ရဲအရာရှိဟောင်း တဦးက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့လယ်မှာ ဘတ်စ်ကားတစင်းကို ဓားစားခံလုပ် ပြန်ပေးဆွဲပြီး ဟောင်ကောင်ခရီးသွား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။

ပြန်ပေးဆွဲတဲ့ ရိုလန်ဒို မန်ဒိုဇာ (Rolando Mendoza) ဟာလည်း ရဲဘက်က လက်ဖြောင့် သေနတ်သမား လက်ချက်နဲ့ ဦးခေါင်းကို ကျည်မှန်ပြီး သေဆုံးသွားပါတယ်။ မန်ဒိုဇာ ပစ်ခတ် သတ်ဖြတ်တာကြောင့် ဒဏ်ရာရသွားတဲ့ ခရီးသွား ၇ ဦးကိုတော့ ဆေးရုံတွေမှာ ကုသနေရဆဲ ရှိပါတယ်။

သူဟာ ကားကို ပြန်ပေးဆွဲပြီး သူ့ကို အလုပ်ပြန်ပေးဖို့ တောင်းဆိုပါတယ်။ သူဟာ မနှစ်တုန်းက အထုတ်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ ဗိုလ်ကြီးဟောင်းတဦး ဖြစ်ပါတယ်။

အဖြစ်အပျက်ဟာ မနေ့ တနင်္လာနေ့ နှောင်းပိုင်းမှာ ၁၂ နာရီ ကြာခဲ့ပါတယ်။ ဘတ်စ်ကားမောင်းသူက ကားပြတင်းပေါက်ကတဆင့် လွတ်မြောက်သွားပေမဲ့ ပြန်ပေးဆွဲသူ မန်ဒိုဇာဟာ ကျန် ဓားစားခံတွေကို ပစ်ခတ်ခဲ့ပါတယ်။ ရဲဘက်က ဘတ်စ်ကားရှိရာကို အတင်းဝင်ရောက်ပြီး ကားမှန်တွေကို တူတွေနဲ့ ရိုက်ခွဲ ကားထဲဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ရဲဘက်က လက်ဖြောင့် သေနတ်သမားက ပြန်ပေးဆွဲသူ မန်ဒိုဇာကို ပစ်ခတ်နိုင်ခဲ့ပါတယ်။ မိုးတွေရွာနေတဲ့ ကြားကနေ သေဆုံးတဲ့ ဓားစားခံတွေရော ဒဏ်ရာရသူတွေကိုပါ အရေးပေါ်ကားတွေနဲ့ ရှင်းလင်းခဲ့ကြပါတယ်။

ဖိလစ်ပိုင် သမ္မတ ဘန်နစ်နို အာကွီနို (Benigno Aquino) ကတော့ အဖြစ်အပျက်ကို ရဲဘက်က ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စအပေါ် ကာကွယ် ပြောကြားပါတယ်။ အခြေအနေတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါလို့ သမ္မတ အကွီနိုက ပြောပါတယ်။ ဒါပေမဲ့လည်း လူတွေ အခုလို သေဆုံးတဲ့ အပေါ်မှာတော့ စိတ်မကျေမနပ် ဖြစ်ရပြီး ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးမှု လုပ်ပါ့မယ်လို့ ကတိပြုပါတယ်။

XS
SM
MD
LG