ဖိလစ်ပိုင် ဒီမိုကရေစီ လှုပ်ရှားမှု မိဘ ၂ ယောက်ရဲ့ သားဖြစ်တဲ့ ဘီနင်နို အကီနို (Benigno Aquino) ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။
မနီလာမြို့ SEASIDE PARK မှာ ဗုဒ္ဓဟူးနေ့က သူ့ကို ထောက်ခံတဲ့ လူအုပ်ကြီးရဲ့ ရှေ့မှောက်မှာ မစ္စတာ အကီနိုက ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ အထိမ်းအမှတ် အရောင်ဖြစ်တဲ့ အ၀ါရောင်ကို သူ့ကို ထောက်ခံသူ လူများစွာက ၀တ်ဆင်ထားကြပါတယ်။ ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲကို ပြည်ပရောက် မြန်မာ့အတိုက်အခံ ကိုယ်စားလှယ် ၂ ယောက်လည်း တက်ရောက်ခဲ့ကြပါတယ်။
သူ့အစိုးရ တက်လာတာဟာ လူထုရဲ့ လိုအပ်ချက်တွေကို လျစ်လျူပြုထားတဲ့ အစိုးရတရပ် အဆုံးသတ်သွားတာ ဖြစ်တယ်လို့ မစ္စတာ အကီနိုက မိန့်ခွန်းပြောကြားရာမှာ ပြောကြားသွားပါတယ်။
မစ္စတာ အကီနိုဟာ သမ္မတတာဝန် မယူမီက လွှတ်တော်အမတ်တယောက် ဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။ အကျင့်ပျက် ခြစားတာနဲ့ ဆင်းရဲတာတွေကို ကိုင်တွယ်မယ်လို့ သူက စည်းရုံး ပြောကြားခဲ့ပါတယ်။
သူ့အရင် သမ္မတ မစ်စ် ဂလိုရီယာ အာရိုယို (Gloria Arroyo) ရဲ့ ၉ နှစ်ခွဲကြာ အုပ်ချုပ်ရေးကာလမှာတော့ အကျင့်ပျက် ခြစားတယ်၊ မဲခိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ သူမကို ဖြုတ်ချဖို့အတွက် တရားစွဲဆိုတဲ့နည်းနဲ့ ဖြစ်စေ၊ အာဏာသိမ်းတဲ့နည်းနဲ့ ဖြစ်စေ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
မစ်စ် အာရိုယို ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားတဲ့ အကျင့်ပျက် ခြစားမှုတွေကို စစ်ဆေးဖို့ သူက အမှန်တရား ဖော်ထုတ်ရေး ကော်မရှင်တရပ် ဖွဲ့စည်းတဲ့အကြောင်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ အကြိုညနေမှာပဲ ကြေညာပါတယ်။