သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဖုန်ကျားရှင် ကိုးကန့်တပ်ဖွဲ့ အင်အားအခြေအနေ


၂၀၀၉ ခုနှစ်တုန်းက မြန်မာ့တပ်မတော်က တိုက်ထုတ်လိုက်တာကြောင့် ရှမ်းပြည်နယ် သူ့နယ်မြေထဲက ထွက်ပြေးသွားရတဲ့ ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့ဟာ အခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အင်အား ပြန်လည်စုဆောင်းပြီး ခြေကုတ်ယူဖို့ ကြိုးစားလာနေတဲ့ တချိန်တည်းမှာပဲ ဦးဖုန်ကျားရှင်ရဲ့ သတင်းတွေကို တရုတ်မီဒီယာတွေက အခုရက်ပိုင်းအတွင်း ဖော်ပြလာနေပါတယ်။

ဦးဖုန်ကျားရှင် ကိုးကန့်တပ်ဖွဲ့ရဲ့ အနေအထား အင်အားကြီးထွားလာမှုနဲ့ ငြိမ်းချမ်းရေး အလားအလာတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်ရဲ့ တပ်ဖွဲ့ကို မူးယစ်ဆေးဝါး ရှာဖွေဖို့ အကြောင်းပြချက်နဲ့ ၂၀၀၉ ခု သြဂုတ်လထဲမှာ မြန်မာ့တပ်မတော်က ဝင်ရောက်တိုက်ခဲ့ပြီး ဦးဖုန်ကျားရှင်တို့ ထွက်ပြေးသွားခဲ့ရပါတယ်။ တပ်မတော်ရဲ့ အဲဒီလုပ်ဆောင်ချက်ပေါ်မှာ သူတို့အနေနဲ့ နာကြည်းကြောင်း တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times သတင်းစာနဲ့ အင်တာဗျူးမှာ ဦးဖုန်ကျားရှင်က ဒီရက်ပိုင်းအတွင်း ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း ယူနန်ပြည်နယ်မှာ နေထိုင်နေတဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော် ပြန်ပြောပြတာက -

“ဦးဖုန်ကျားရှင်တို့ ဘာတို့ဘက်ကလည်း တရုတ်ဘက်ထက် သူက အစောပိုင်းတုန်းက အစိုးရနဲ့ပဲ နဝတတို့၊ နအဖတို့နဲ့ပဲ ဥပမာ ဗိုလ်ချုပ်ခင်ညွန့်တို့ ဘာတို့နဲ့ အတော်လေး ရင်းနှီးလိုက်တာကိုး။ အဲတော့ အဲ့ဒီဘက်ပဲ တော်တော်ရောက်သွားတယ်။ နောက်ပိုင်းကျတော့မှ ဗိုလ်ချုပ်ခင်ညွန့်တို့ကပဲ ကိုးကန့်အဖွဲ့ထဲမှာ ကွဲအောင် တမင်သက်သက် အစုတွေကွဲသွားအောင် လုပ်လိုက်တာပေါ့။ အဲ့လိုလုပ်လိုက်တော့မှ သူတို့ တော်တော်လေး နာကြည်းသွားကြတာပေ့ါ။ သူတို့မှာတော့ နာကြည်းစိတ်တော့ တော်တော်ရှိတယ်။ သူတို့ကို မောင်းထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့တော့။ ဒါကြောင့်မို့လို့ ဒီစစ်အစိုးရကို ပြန်လည်မောင်းထုတ်ပြီးတော့ သူတို့က ဒီနေရာကို ပြန်ယူမယ်ဆိုတဲ့ သဘောပါပဲ သူပြောတာကတော့။”

အခုတော့ ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့ဟာ သူတို့ရဲ့နဂိုမူလဒေသမှာ ပြန်လည်အခြေစိုက်နိုင်ခြင်း မရှိသေးပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေ ရှိနေတဲ့အကြောင်း UNFC တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခွန်ဥက္ကကာ က ရှင်းပြပါတယ်။

“ကိုးကန့်က သူတို့ဒီ ကိုးကန့်အတိုက်ခံရတုန်းက သူတို့ရဲ့တရုတ်ပြည်မှာ အပ်ထားတဲ့ဘဏ်က ငွေစာရင်းအားလုံးကို တရုတ်က freeze လုပ်ထားတယ်။ လုပ်ထားတဲ့ဟာကို မနှစ်က ၂၀၁၄ နှစ်ဦးပိုင်းလောက်မှာ တရုတ်က ဘဏ်အကောင့်တွေအားလုံး ပြန်လွှတ်ပေးလိုက်တဲ့အခါကျတော့ သူတို့အပ်ထားတဲ့ တရုတ်ငွေတွေပေါ့လေ အများကြီး သူတို့ပြန်ရတယ်။ အဲ့ဒီငွေကြေးပေါ်မှာ မူတည်ပြီးတော့ လူသစ်စုဆောင်းပြီးတော့ သူတို့ တပ်အင်အား တိုးချဲ့တာပေါ့။ အသစ်ချဲ့တဲ့ဟာကို သင်တန်းတို့ဘာတို့ အားလုံးကတော့ ကချင်မှာပဲ သင်တန်းတွေယူလာတယ်လေ။ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှုတခုကတော့ ၂၀၁၄ ခုနှစ် သြဂုတ်လမှာကျင်းပတဲ့ တိုင်းရင်းသားညီလာခံ အဲ့ဒီကနေစပြီးတော့ ကျနော်တို့ UNFC ရဲ့ တရားဝင် အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်လာတယ်။ နံပါတ် ၁၂ မြောက်ပေါ့။”

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရှမ်းပြည်နယ်မှာ ပြန်လည်ခြေကုတ်ယူလာတဲ့ ဦးဖုန်ကျားရှင်ရဲ့တပ်ဖွဲ့ အင်အားတစစကြီးလာတာကို မြန်မာ့တပ်မတော်က မလိုလားပေမဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမှ ရလိမ့်မယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကကာ က မြင်ပါတယ်။

“တပ်မတော်ကတော့ ကိုးကန့်ကို တပ်ပေါင်းစုနဲ့တွဲတာ သူတို့မကြိုက်ဘူး။ အင်အားကြီးလာတာ သူတို့မကြိုက်ဘူး။ ကိုးကန့်က ၂၀၁၃ ခုနှစ်မှာ လူ ၁၀၀ နဲ့ ၄၊ ၅ ဆယ်ရှိတယ်။ ၂၀၁၄ ခုနှစ်ထဲမှာပဲ ၇၀၀၊ ၈၀၀ ဖြစ်လာတယ် စသည်ဖြင့်ပေါ့လေ။ ဒါကတော့ အစိုးရက မကြိုက်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ကိုးကန့်နယ်မြေက သူတို့ထိန်းထားပြီးပြီ။ တိုက်ပွဲနဲ့နိုင်ခဲ့တယ်လို့ သူကကြွားတာကိုး။ အခု ကိုးကန့်က ပြန်လည်ပေါ်လာပြီးတော့ ကိုးကန့်အနေနဲ့လည်းပဲ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး တောင်းဆိုလာတဲ့အခါကျတော့ အကြမ်းဖက်ပြီးတော့ တိုက်ခဲ့တဲ့ဟာကို ပြန်ပြီးတော့ သုံးသပ်ဖို့ လိုလာတဲ့သဘောရှိတာပေါ့။ သို့သော်လည်းပဲ အခုရာသီက စစ်တိုက်တဲ့ရာသီမဟုတ်ဘဲနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဆိုတဲ့ ရာသီဖြစ်နေတော့ အဲ့ဒီလမ်းကြောင်းပေါ်မှာပဲ သွားလို့ရှိရင်တော့ အဆင်အပြေဆုံးဖြစ်မှာပေါ့ဗျာ။”

နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဒီလိုတောင်းဆိုနေပေမဲ့ မြန်မာ့တပ်မတော်က မိမိရဲ့ အကျိုးစီးပွား တခုထဲကိုသာ တွေးနေရင် ငြိမ်းချမ်းရေးအစစ်ကို ရဖို့ခက်ခဲလိမ့်မယ်လို့ ဒေါက်တာလှကျော်ဇော်က ဝေဖန်လိုက်ပါတယ်။

“အခု ဗမာပြည်မှာ ဘာပဲပြောပြော ဦးသိန်းစိန်ပြောပြော၊ ဦးရွှေမန်းပြောပြော အားလုံးက စစ်တပ်မျက်နှာကြည့်နေရတယ်။ စစ်တပ်က ပြည်တွင်းငြိမ်းချမ်းရေး မလိုချင်နေသ၍ စစ်တပ်က ဒီပြည်တွင်းငြိမ်းချမ်းရေးကို အကြောင်းပြပြီး ချမ်းသာနေသ၍ သူတို့ ဘယ်တော့မှ ငြိမ်းချမ်းရေးက ရမှာမဟုတ်ဘူး။ အဓိက စစ်တပ်က စိတ်ဓာတ်ပြောင်းမှရမှာ။ ဥပမာ အင်ဒိုနီးရှားလိုဟာမျိုးပေါ့။ အင်ဒိုနီးရှားကျတော့ စစ်တပ်က ငါလည်းစားမယ်၊ မင်းတို့လည်းစား ဆိုပြီးတော့ အဲ့လိုစိတ်ထားမျိုးရှိရင် အတော်အသင့် သက်သာအုန်းမယ်၊ မြန်မာပြည်က။ အခုကျတော့ ငါတို့ချည်းစားမယ်၊ မင်းတို့ ဘယ်သူမှမစားရဘူးဆိုတဲ့ စိတ်နဲ့ ဒီစစ်တပ်နဲ့ကတော့ ဘယ်တော့မှမရဘူး ဒီငြိမ်းချမ်း။”

ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်မှာ အပစ်အခတ် ရပ်စဲခဲ့ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG