သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးစာပေပညာရှင်များ ပူဇော်ပွဲ ဗိုလ်ချုပ်ခင်ညွန့် ပါဝင်ခြင်းအတွက် ဝေဖန်မှုတွေ ထွက်ပေါ်


စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၃) ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားမြင်ကွင်း ( crd - original )
စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၃) ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားမြင်ကွင်း ( crd - original )

ရန်ကုန်မြို့က သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တချိန်က စစ်ထောက်လှမ်းရေးမှူးချုပ်ဦးခင်ညွန့်ကို တရင်းတနှီး နှုတ်ဆက်ပြီး အများနည်းတူ ကန်တော့ခဲ့တဲ့ လုပ်ရပ်ဟာ NLD ပါတီအပေါ် ရိုက်ခတ်မှု ရှိစေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တဦးက ဝေဖန် လိုက်ပါတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဖြိုခွင်းရာမှာ ဦးဆောင်ခဲ့သူတဦးကို လူထုမဲနဲ့ တင်မြှောက်ခဲ့တဲ့ ဝန်ကြီးချုပ်တဦးက အခုလို ပြုမူ ဆက်ဆံခဲ့တဲ့ လုပ်ရပ်ဟာ မသင့်တော်ကြောင်း ပြည်ပအခြေစိုက် ဝါရင့်စာရေးဆရာ တချို့ကလည်း ဝေဖန် လိုက်ကြပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးကျင်းပတဲ့ ၁၃၈၀ ပြည့်နှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၃) ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီကရန်ကုန် မြို့တော်ခန်းမမှာ ကျင်းပခဲ့တာပါ။ အဲဒီပွဲကိုဖိတ်ကြားခဲ့တဲ့ သက်ကြီး စာရေးဆရာတွေထဲမှာ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

အသက် ၈၀ ရှိပြီဖြစ်တဲ့ ဦးခင်ညွန့်ဟာ ‘မှော်ဝန်းသား ခင်ညွန့်’ ဆိုတဲ့ ကလောင်နာမည်နဲ့ စစ်အစိုးရလက်ထက် သူ့အတွေ့အကြုံတွေကို ရေးသားတဲ့ စာအုပ်အနည်းငယ် ထုတ်ဝေခဲ့ ဖူးပါတယ်။ အဲဒီ သက်ကြီးစာပေပညာရှင် ကန်တော့ပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့ပြီး ဦးခင်ညွန့်ကို တရင်းတနှီး နှုတ်ဆက်တာအပြင်၊ အများနည်းတူ အောက်ကနေ ထိုင်ကန်တော့ခဲ့တဲ့ လုပ်ရပ်ကြောင့် ဦးဖြိုးမင်းသိန်းအပေါ် လူမှုကွန်ယက် မီဒီယာပေါ်မှာ ဝေဖန်သံတွေ ကျယ်လောင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့အခုလုပ်ရပ်ဟာ NLD ပါတီအပေါ် ရိုက်ခတ်မှု တစုံတရာဖြစ်စေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ထောက်ပြပါတယ်။

“ ကိုယ်က ခေါင်းဆောင်တယောက်ဖြစ်မယ်ဆိုရင်၊ ပွဲတခုကို တက်တော့မယ်ဆိုရင် ကျမတို့က ဒီပွဲက ဘယ်သူလုပ်တဲ့ပွဲလည်း၊ အဓိက ဘယ်သူတွေလာမှာလဲ၊ ဘယ်သူတွေကို ဖိတ်ထားတာလဲ၊ တက်သင့်တဲ့ ပွဲလား မတက်သင့်တဲ့ပွဲလား၊ အမြဲတမ်းကြည့်ရတယ်။ နောက် မကြာခင်တုန်းကဆိုရင် နိုင်ငံတော် ထိပ်ပိုင်းနဲ့သက်ဆိုင်တဲ့ ခေါင်းဆောင်တွေအကုန်လုံး တက်ရမယ့်ပွဲတွေ မတက်သင့်တဲ့ ပွဲတွေဆိုတာ တရားဝင်ထုတ်ပြန်ကြေညာထားတာတွေလည် းရှိပါတယ်။ နိုင်ငံတာဝန်တွေ ယူထားရတဲ့ သူတွေဟာ နိုင်ငံတော်က ကျင်းပတဲ့ပွဲတွေ၊ အစိုးရနဲ့ သက်ဆိုင်တဲ့ပွဲတွေကို တက်လို့ရတယ်။ နောက်ပုဂ္ဂလိက က ကျင်းပတဲ့ ပွဲတွေဆိုရင် မတက်ပါနဲ့လို့ ပြောထားတာရှိပါတယ်။ နောက်တခုက တချို့ကိစ္စတွေမှာ ကိုယ်သည် ပါတီဝင်တယောက် ဖြစ်ခဲ့တယ်ဆိုရင် ကျမတို့ဟာ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စရပ်တွေအားလုံးဟာ ပါတီကိုသွားပြီးတော့ ကောင်းတဲ့ကိစ္စဆိုရင် ကောင်းတဲ့အကျိုး၊ မကောင်းတဲ့ ကိစ္စရပ် ဆိုလျှင်လည်း မကောင်းတဲ့အကျိုး၊ ခံစားရနိုင်ပါတယ်။”

အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်မှာနေထိုင်တဲ့ စာရေးဆရာမ မေငြိမ်းကတော့ သက်ကြီးစာပေ ပညာရှင်တွေထဲမှာ ဦးခင်ညွန့်ကို ထည့်သွင်း ဖိတ်ကြားတဲ့ကိစ္စဟာ လွဲမှားမှုတခု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ ကျမတို့စဉ်းစားရမှာက သက်ကြီးစာရေးဆရာလို့ ကျမတို့ ဂုဏ်တပ်ပြီးတော့ လေးစားရလောက်တဲ့လူဆိုတာ ကျမတို့မှာအဆင့်အတန်းတခု ရှိတယ်။ သူတို့ရဲ့စာတွေကို ဘယ်လောက်အထိ ပြည်သူလူထုက လက်ခံသလဲ၊ ပြည်သူလူထုရဲ့ကြားထဲကို သူတို့ရဲ့စာတွေက ဘယ်လောက်အထိသြဇာလွှမ်းမိုးသလဲ။ သူတို့ရဲ့ရေးတဲ့စာတွေ ဘယ်လောက်အထိစေတနာပါသလဲဆိုတာ မူတည်ပြီးတော့မှ ကျမတို့က စာရေးဆရာဆိုတာကိုလည်း သတ်မှတ်ရတယ်။ ပြီးတော့ အဲဒီစာရေးဆရာဆိုသူတွေရဲ့ “ဝါ၊ သမ္ဘာ” ဆိုတာကိုလည်း သတ်မှတ်ရတယ်။ ဆိုတော့ ဦးခင်ညွှန့်ရဲ့စာတွေကိုလူဘယ်လောက်ကဖတ်သလဲ၊ ဘယ်လိုအနေထားနဲ့ဖတ်သလဲ၊ ကြည်ညိုလေးစားအပ်တဲ့ စာရေးဆရာအနေနဲ့ ဖတ်သလားဆိုတဲ့ စံကို စဉ်းစားလိုက်ရင်ကိုပဲ သူက စာရေးဆရာဖြစ်ထိုက်သလား၊ မဖြစ်ထိုက်သလားဆိုတာ ကျမတို့ သိပြီးသားလို့ထင်ပါတယ်။ အဲဒီတော့ အခုသူ့ကို သက်ကြီးပူဇော်ပွဲမှာ ထည့်ပြီးတော့ ပူဇော်ရလောက်အောင် စာရေးဆရာရဲ့ ဂုဏ်ပုဒ်တွေနဲ့၊ ဂုဏ်သက္ခာတွေနဲ့ ကိုက်ညီပြီးလားဆိုတာ စဉ်းစားစေချင်တယ်လို့ ကျမကတော့ အဲဒီလိုပဲမြင်ပါတယ်။ ဒီစာရေးဆရာတွေ နုတ်ထွက်တယ်ဆိုတဲ့ကိစ္စမှာ ကျမသာ မြန်မာပြည်မှာရှိရင် ထိပ်ဆုံးက နုတ်ထွက်တဲ့သူဖြစ်မှာပါပဲ။”

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးဖြိုးမင်းသိန်းက ဦးခင်ညွန့်ကို အခုလို ဆက်ဆံတာဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအချက်ကို သဘောမတူသူက လန်ဒန်မြို့မှာနေထိုင်တဲ့ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်ဖြစ်ပါတယ်။

“ ဗမာအများစုက အမှတ်မရှိတဲ့အတွက် သင်္ဃန်းဝတ်တဲ့သူခိုးကို ဝိုင်းပြီးတော့ ရှိခိုးကြတဲ့ ဗမာ့ အစဉ်အလာရှိတာပေါ့။ အခုလည်း အဲဒီလိုဖြစ်နေတာပေါ့။ ဗိုလ်ခင်ညွှန့်က အရင်တုန်းက ဘယ်လောက်ပဲဆိုးဆိုး အခုတော့ လူကောင်းဖြစ်သွားပြီးဆိုပြီးတော့ ဝန်ကြီးချုပ်က စရှိခိုးတော့ ကျန်တဲ့လူတွေ အကုန်လုံး ထိုင်ရှိခိုးရမယ့်ပုံ ဖြစ်နေတာပေါ့။ အနောက်နိုင်ငံမှာ မဟုတ်တာ လုပ်တဲ့သူတွေကို လူ့အဖွဲ့အစည်းထဲမှာ ပြန်ဝင်ဖို့က မလွယ်ဘူး။ အပြစ်ရှိတဲ့လူက ဝန်ခံရတယ်။ မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဘာညာဆိုတာက စစ်ဗိုလ် လူသတ်သမားတွေက သူတို့မဟုတ်တာ လုပ်တယ်ဆိုတာကို ဘယ်ကောင်မှ ဝန်ခံတာမှ မဟုတ်ဘဲ။ အဲဒီကောင်တွေ ဘုန်းကြီးဝတ်ရင် ထိုင်ရှိခိုးကြအုံးမှာ။”

တကယ်တော့ သက်ကြီးစာပေပညာရှင် ပူဇော်ပွဲမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို ဖိတ်ကြားခဲ့တာကိုက မဖြစ်သင့်တဲ့လုပ်ရပ်လို့ အမေရိကန် နယူးရောက် မြို့မှာနေထိုင်တဲ့ စာရေးဆရာနဲ့ ကဗျာဆရာကြီး မောင်စွမ်းရည်က ပြောပါတယ်။

“ ခင်ညွှန့်ဆိုတာက စစ်အစိုးရလက်ထက်မှာ စာရေးဆရာ၊ သတင်းစာဆရာတွေကို ထောင်သွင်းတာ၊ အကျဉ်းချတာ၊ ရိုက်နှက်တာ၊ သေအောင်လုပ်တာ အဲလိုလူမျိုးဟာ လာရင်တောင်မှ ဆီးပြီးတော့ ဖနှောင့်နဲ့ပေါက်လွှတ်ရမှာလေ။ အဲလိုလူမျိုးကို ဖိတ်တယ်၊ ကြားတယ်၊ တွေ့ဆုံတယ်ဆိုတဲ့ဥစ္စာက တွေ့တဲ့လူတွေက အင်မတန်ကိုပဲ နိုင်ငံရေးအမြင်ရော၊ စာပေအမြင်ရော အင်မတန်အောက်တန်းကျတယ်လို့ ကျနော်ကတော့ ယူဆတယ်လေ။ ဒီလောက်ထိအောင် တလျှောက်လုံး တိုင်းပြည်ကို ဖိနှိပ် နှိပ်စက်လာတာမှာ ထိပ်တန်းကပါခဲ့တဲ့ လူတယောက်ကို လူရာသွင်းပြီးတော့ လုံး၀ မဆက်ဆံသင့်ဘူးဗျာ။ အဲဒါလို့ပဲပြောချင်ပါတယ်။”

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော် ဒေါ်ခင်မီကြွယ်ကတော့ ဗိုလ်ချုပ်ခင်ညွန့်ကြောင့် ဘဝတွေ၊ မိသားစုတွေ ပျက်စီးခဲ့ရတဲ့အတွက် စနေနေ့မှာ ကျင်းပခဲ့တဲ့ စာပေသက်ကြီးပူဇော်ပွဲကို ကန့်ကွက်ကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီသက်ကြီးပူဇော်ပွဲ သတင်းတွေတက်လာပြီးတဲ့နောက် စာရေးဆရာအသင်းက နုတ်ထွက်ကြောင်း ကြေညာတဲ့ စာရေးဆရာ ကဗျာဆရာတွေ ရှိသလို၊ NLD ပါတီဝင်နဲ့ လွှတ်တေ်ာ ကိုယ်စားလှယ်တွေ၊ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာလည်း ဒီကိစ္စအပေါ် ပြင်းထန်စွာ ကန့်ကွက်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

စနေနေ့က ကျင်းပတဲ့ (၃၃) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲမှာ အသက် ၈၀ နဲ့အထက် စာပေပညာရှင် ၂၄၅ ဦးကို ဖိတ်ကြားခဲ့ပြီး စုစုပေါင်း အလှူငွေကျပ်သိန်း (၃၀၀) နီးပါး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG