သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ဦးဖြိုးမင်းသိန်းကို ရှေ့နေတွေ ပြန်လှန်မေးခွန်းထုတ်


အဂတိလိုက်စားမှုနဲ့ တရားစွဲခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂတိလိုက်စားမှု တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်း
အဂတိလိုက်စားမှုနဲ့ တရားစွဲခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂတိလိုက်စားမှု တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်း

{Zawgyi/Unicode}

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေကို ဒီနေ့ကြားနာ စစ်ဆေးတာမှာ စစ်ကောင်စီဘက်က တရားလိုပြသက်သေရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရှေ့နေတွေက ပြန်လှန် မေးခွန်း မေးခဲ့ကြပါတယ်။ ထွက်ဆိုချက်တွေအရ အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်တွေမှာသက်သေ ခိုင်ခိုင်လုံလုံ တင်ပြနိုင်တာမရှိဘဲ တရားစွဲဆိုတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီကနေ့ အမှုကြားနာပွဲအခြေအနေ သိထားရသမျှ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှု ၅ ခုထဲက အမှု ၄ ခုကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ဒုတိယအကြိမ် ကြားနာပါတယ်။ ပထမတကြိမ်တုန်းက စစ်ကောင်စီဘက်ကနေ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ NLD အစိုးရလက်ထက်က ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေကပြန်လှန်မေးခွန်းတွေမေးမြန်းခဲ့ပါတယ်။

ဦးဖြိုးမင်းသိမ်းအပြင် အဂတိလိုက်စားမှု စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးမှူးကိုလည်း မေးခွန်းတွေ မေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ဦးဖြိုးမင်းသိန်းကနေ အမှုပေါ့နော်။ ဒီနေ့ပြန်လှန်မေးခွန်းတွေ ဦးဖြိုးမင်းသိန်းကိုလည်းမေးရတယ်။ ဦးရဲထက်ကိုလည်း မေးရတယ်။ ဦးရဲထက်က စုံစမ်းစစ်ဆေးရေးအရာရှိပေါ့။ သူ့ကိုလည်း ပြန်လှန်မေးခွန်း နှစ်ယာက်စလုံးကိုမေးလိုက်တယ်။ ဦးရဲထက်ကတော့ သူတယောက်တည်း ၄ မှုကိုကိုင်တာပေါ့။ အခုကတော့ သူ့ကိုစစ်တယ်။ နောက်တပတ်မှာလည်း ဟိုအမှုတွေအတွက် ပြန်လှန်မေးခွန်းထပ်စစ်မယ်။ ဖြိုးမင်းသိန်းကတော့ ပြန်လှန်မေးခွန်းပြီးပြီ။ ကျန်တာတွေကတော့ မမေးရသေးဘူး ပြန်လှန်မေးခွန်း။ ရုံးချိန်း ကတော့ ၁၅ ရက်နေ့ပြန်ချိန်းတယ်။"

ဒီနေ့တရားခွင်မှာ မေးမြန်းမှုတွေအရ အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်တွေမှာ သက်သေခိုင်ခိုင်လုံလုံ တင်ပြနိုင်တာမရှိဘဲ တရားစွဲဆိုတာ ပေါ်လွင်နေတယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"အဂတိလိုက်စားမှုမှာ ထူးထူးထွေထွေ သက်သေလိုက်ပြစရာမလိုဘူး။ အခုတရားလို သူ့ထွက်ချက်မှာကိုက ကိုဖြိုးမင်းသိန်းပေးပါတယ်ဆိုတဲ့ ဒေါ်လာတွေ ရွှေတွေက သိမ်းဆည်းရမိခြင်းမှမရှိတာ။ သက်သေခံ မတင်နိုင်ဘူး။ ပေးရတဲ့အကြောင်းကလည်း ဘာကိစ္စမှ ပေးတာမရှိဘူး။ ရောပြွန်းပြီးပြောထားတာ။ ရန်ကုန်တိုင်းမှာရှိတဲ့ စီမံကိန်းတွေဘာတွေပြောတယ်။ ရန်ကုန်တိုင်းစီမံကိန်းနဲ့ ဘာမှမဆိုင်ဘူး။ သူပေးတဲ့ ရက်တောင်သေချာမသိဘူးလေ။ တကယ်ဖြစ်ရပ်မှန်မှ သိမှာပေါ့။ အမှန်တရားပေါ်အခြေခံမှ သိမှာပေါ့၊ အမှန်တရား မဟုတ်ရင် ဘယ်လိုလုပ်သိမလဲ။ အမှန်တရားတခုရှိမှ အမှန်တရားပေါ်မှ တကယ့်ဖြစ်ရပ်ပေါ်မှာလေ။ Fact မရှိဘဲ causeမရှိဘူးလေ။ အကျိုးကြောင့် အကြောင်းဖြစ်တာလေ။"

အောက်တိုဘာ ၁ ရက်နေ့က ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာနဲ့ပတ်သက်လို့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူတာဝန်ယူစဉ် ဝန်ကြီးချုပ်တွေကို သီးသန့်တွေ့ဆုံတာမျိုးမရှိသလို တိုင်းတခုရဲ့ စီမံကိန်းကိစ္စတခုတည်းကို ဦးတည်ကိုင်တွယ်ခဲ့တာမရှိခဲ့ဘူးလို့ သူ့ရှေ့နေတွေကို ရှင်းပြပြီး ဒီအချက်တွေပေါ်အောင် ပြန်လှန်မေးခွန်းမေးဖို့ ရှေ့နေတွေကို ညွှန်ကြားထားပါတယ်။ ဒါကြောင့် ဦးဖြိုးမင်းသိန်းရဲ့သက်သေထွက်ဆိုချက်တွေက မှားယွင်းနေတယ်ဆိုတာ ပေါ်လွင်အောင် မေးခွန်းထုတ်နိုင်ခဲ့တယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

အခုစစ်ဆေးကြားနာနေတဲ့ အဂတိလိုက်စားမှု အမှု ၄ မှုမှာ ဒါ်အောင်ဆန်းစုကြည်တဦးတည်းကို သီးသန့် စွဲဆိုထားတာ ၂ မှု၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့နဲ့ ပူးတွဲ ၁ မှု၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ၊ ဒေါက်တာမျိုးအောင်တို့နဲ့ ပူးတွဲ ၁ မှု စွဲဆိုထားတာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းဆီက တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့တဦးတည်းကို စွဲဆိုထားတာအပြင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ မြေနေရာယူတာမှာ ရာထူးအရှိန်အဝါကိုသုံးပြီး ထိုက်သင့်တဲ့တန်ဖိုးထက် များစွာလျော့နည်းပြီးတော့ ရယူခဲ့လို့စုစုပေါင်း မြန်မာကျပ်ငွေ ဘီလီယံ ၂၀ ကျော် နိုင်ငံတော်က နစ်နာစေခဲ့တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဒီကနေ့မှာ အဲဒီလေးမှုထဲက တဦးတည်းအမှုနဲ့ ပူးတွဲအမှု ၁ ခုအတွက်ကိုပဲကြားနာစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲ ဆိုထားတာလည်းရှိပါတယ်။ အဲဒီအမှုကို ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်းကို ပြောင်းရွှေ့စစ်ဖို့ တရားရုံးကဆုံးဖြတ်ချက်ချထားတာကြောင့် စတင်စစ်ဆေးမယ့်ရက် ဘယ်တော့လဲဆိုတာ လာမယ့်သီတင်းပတ်တွေမှာ သိရနိုင်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၁ မှုအတွက် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာနေ့တွေတိုင်း ကြားနာစစ်ဆေးမှုတွေ ခံနေရတာဖြစ်ပြီး ဒီအမှု ၄ မှုအပါအဝင်ဆိုရင် ရက်သတ္တပတ်တပတ်လုံးနီးပါး စစ်ဆေးခံနေရတာဖြစ်တဲ့အပေါ် တပတ်ခြားတခါ စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တင်ပြထားတာရှိပါတယ်။

ဒီကနေ့ ကြားနာတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဆိုတာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကြေး၊ လက်ဆောင်တွေ ကိုယ်ကျိုးအတွက် ရယူခဲ့သူတွေကို တရားစွဲဆိုတဲ့ ဥပဒေ ပုဒ်မတခုဖြစ်ပြီးတော့ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{Unicode}
















XS
SM
MD
LG