သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ပြည်သူလူထုသင်္ကြန်ဖြစ်အောင် ကြိုးစားမှာပါ” - ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း


၂၀၁၅ ခုနှစ်၊ ရန်ကုန် မဟာသင်္ကြန်ပွဲတော် ကာလ မြင်ကွင်းတခု။ ဧပြီ ၁၃၊ ၂၀၁၅။
၂၀၁၅ ခုနှစ်၊ ရန်ကုန် မဟာသင်္ကြန်ပွဲတော် ကာလ မြင်ကွင်းတခု။ ဧပြီ ၁၃၊ ၂၀၁၅။

ဒီနှစ် ရန်ကုန်မြို့ရဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ အပြောင်းအလဲတရပ်အတွက် ပထမဦးဆုံးပေါ်လာမယ့် မဟာသင်္ကြန်ပွဲတော်အဖြစ် မြင်တွေ့ကြရပါမယ်လို့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗွီအိုအေကိုပြောပါတယ်။ လုံခြုံရေးကို တိုးမြှင့် သွားမှာဖြစ်ပေမဲ့ အဲဒါက လူထုအတွက် အကြောက်တရား အနှောင့်အယှက် မဖြစ်အောင် လုပ်သွားပါမယ်လို့လည်း ဦးဖြိုးမင်းသိန်းက အခိုင်အမာပြောပါတယ်။ သင်္ကြန်ပွဲတော် ပြင်ဆင်မှုနဲ့ပတ်သက်ပြီး အခြေအတင်ပြောနေကြတဲ့ မဏ္ဍပ်ကြီးတွေ ချမပေးတဲ့ကိစ္စ ဗွီအိုအေက မေးတာကို ဦးဖြိုးမင်းသိန်းက အခုလို စဖြေပါတယ်။

ဦးဖြိုးမင်းသိန်း။ ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အခြေအနေပေါ်မှာ လူငယ်တွေရဲ့၊ မိဘတွေရဲ့ စိုးရိမ်ပူပန်မှု ကျနော်တို့နိုင်ငံမှာဖြစ်နေခဲ့တာ၊ ရန်ကုန်မြို့မှာဖြစ်နေခဲ့တာ ကြာပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ကျနော်တို့ ရှေ့မှာ မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေ၊ လျှပ်ပေါ်လော်လီတဲ့ အခြေအနေတွေအတွက် အသက်အရွယ် ကြီးတဲ့ အမေတွေက သားသမီးတွေနဲ့ အတူတူ ရေပက်ခံ ထွက်နေရ သလိုတောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီအခြေအနေတွေဟာ ကျနော်တို့နိုင်ငံရဲ့ မဟာသင်္ကြန်ပွဲအတွက် စိန်ခေါ်မှုကြီးကြီးဖြစ်ခဲ့တာ နှစ်အတန် ကြာခဲ့ပါပြီ။ အဲဒီ အခြေအနေကို ကျနော်တို့ ပြန်ပြီး ပြုပြင် ပြောင်းလဲနိုင်ဖို့နဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို တကယ့်ကို ယဉ်ကျေးမှုနဲ့ ညီညွတ်တဲ့ အခြေအနေ ဖြစ်စေချင် တယ်။ နောက်တချက်က ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတုဒဏ်ရဲ့ ဆိုးကျိုး တွေ ရှိတယ်၊ နောက်တချက်ကတော့ ကျနော်တို့မှာ ဂုံးကျော်တံတား အသစ်တွေ ဆောက် လိုက်တဲ့အတွက် တချို့နေရာတွေမှာ traffic တွေ တော်တော် ထပ်ဖြစ်လာနိုင် စရာတွေရှိပါတယ်။ ဒီအခြေအနေတွေဟာ တော်တော်ကို အခက်အခဲဖြစ်နိုင်စရာ အခြေအနေတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေတွေကို တားဆီးဖို့ အတွက် ကျနော်တို့ ဆောင်ရွက်လိုက်တာပါ။

ကျော်ကျော်သိန်း။ ။ ဒါပေမဲ့ တဘက်မှာကျတော့ ဒီလိုလုပ်တာက ရုတ်တရက် ကြီး ဖြုန်းဆို လုပ်လိုက်တဲ့ အခါကျတော့ ပြင်ထားဆင်ထားတဲ့ လူတွေ ရှိတယ်၊ ပြင်နေဆင်နေတဲ့လူတွေရှိတယ်ပေါ့လေ၊ ခါတိုင်းနှစ်တွေ လိုပဲ ဖြစ်လိမ့် မယ်ဆိုပြီးတော့၊ ဆိုတော့ ဝေဖန်သံတွေကိုလည်းပဲ ဦးဖြျိးမင်းသိန်း ကိုယ်တိုင် သေသေချာချာ ကြားပြီးပါပြီ။ ဒီလိုမျိုး နှစ်စဉ် စည်ကားခဲ့တဲ့နေရာတွေမှာ မဏ္ဍပ်ကြီးတွေ မရှိတော့ဘူးဆိုရင် သင်္ကြန်ပွဲတော်ကို ခါတိုင်း နှစ်တွေလိုပဲ လူတိုင်းပျော်နိုင်အောင်၊ စည်ကားအောင် ဦးဖြိုးမင်းသိန်းတို့ ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါသလဲ။

ဦးဖြိုးမင်းသိန်း။ ။ ကျနော်တို့နိုင်ငံမှာ သင်္ကြန်ဟာ နေရာနှစ်ခုလောက်မှာပဲ စည်ကား ခဲ့ပါတော့တယ်။ နှစ် အတန်ကြာ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားကန်ဘေးနဲ့ ကန်တော်ကြီး ပတ်လမ်းလောက်မှာပဲရှိပြီး တခြား နေရာတွေက တဖြည်းဖြည်း ခြောက်သွေ့သွားခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေရာတွေ မှာပဲ စီးပွားဖြစ်လုပ်တဲ့ သင်္ကြန်မဏ္ဍပ်ကြီးတွေနဲ့ ကကြခုန်ကြဆိုတော့ ကားတွေ ကားတွေအားလုံးက အဲဒီလမ်းကျောထဲကို ဝင်ဖို့ပဲ စုပြုံပြီး တိုးနေကြရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရပါတယ်။ အခု ကျနော်တို့ ဒီဘက်နှစ်မှာတော့ ကျနော်တို့ ရန်ကုန်တိုင်း ၄၅ မြို့နယ်အတွင်းမှာ အားလုံး နေရာတိုင်း မှာ ပျော်ပျော်ရွှင်ရွင်ဖြစ်ဖို့ အတွက် ဒီသင်္ကြန်ကို ပြည်သူလူထုရဲ့ သင်္ကြန်ဖြစ်အောင် ကျနော်တို့ ကြိုးစားမှာ ပါ။ ပြည်သူလူထုရဲ့ သင်္ကြန်ဖြစ်ဖို့အတွက် ဒီ မြို့တော်ဝန်မဏ္ဍပ်ကို မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အဖြစ်၊ ရန်ကုန်မြို့တော်ရဲ့ ဗဟိုမဏ္ဍပ်အဖြစ် ကျနော်တို့ လုပ်သွားမှာပါ။ အစိုးရအဖွဲ့မဏ္ဍပ်တွေကို ကျနော်တို့ ဆောင်ရွက်မှာမဟုတ်တော့ပါဘူး။ ခရိုင် အလိုက် လေးခုလောက် ပေါ်လာမှာပါ၊ တကယ့် ခရိုင်အလိုက် မဏ္ဍပ်ကြီးတွေ။ အဲဒီကနေမှတဆင့် ခရိုင်အလိုက်အတွင်းမှာ နေရာဒေသတိုင်းဟာ ပျော်ရွှင်မှုကို ရနိုင်တဲ့ ဒီ နှစ်သစ်အခါကို ဖြတ်သန်းနိုင်တဲ့ အခြေအနေတခုဖြစ်အောင် ကျနော်တို့ကြိုးစားမှာပါ။

ကျော်ကျော်သိန်း။ ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာရော ဒီ့အတွက် ရန်ပုံငွေ ဘဏ္ဍာငွေ အလုံအလောက်ရှိပါရဲ့လားခင်ဗျ။

ဦးဖြိုးမင်းသိန်း။ ။ ကျနော်တို့က ဒီသင်္ကြန်ပွဲတော်ကို အစိုးရဘတ်ဂျက်နဲ့ သုံးစွဲမယ့်အစီအစဉ် အလွန်မတန်ကို နည်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က ဒီ ကျင်းပမယ့်သင်္ကြန်ပွဲတော်ဟာ ပြည်သူလူထုကကျင်းပတဲ့ သင်္ကြန်ပွဲတော်ပုံသဏ္ဌာန်မျိုးနဲ့ ကျနော်တို့ ဆောင်ရွက်သွားဖို့လည်း တိုင်းဒေသကြီး အစိုးရ အနေနဲ့ ယခင်ပေါ့နော် အစိုးရကနေပြီး စီစဉ်ခဲ့တဲ့ ခရိုင်လိုက်ပေါ့ ပေးထားတဲ့ ရန်ပုံငွေလေးတွေရှိပါတယ်။ အဲဒီ ခရိုင်အလိုက်ပေးထားတဲ့ ရန်ပုံငွေလေးတွေကနေ ဒီပွဲကို ကျနော်တို့ ကျင်းပသွားမှာပါ။ လာမယ့်သင်္ကြန် ဟာ တကယ့်ကို ရန်ကုန်မြို့မှာ အပြောင်းအလဲတရပ်အတွက် ပထမဦးဆုံးပေါ်လာမယ့် မဟာသင်္ကြန်ပွဲတော်ကြီး အဖြစ် မြင်တွေ့ကြရမှာပါ။ နေရာဒေသအသီးသီးမှာ သံချပ်တွေ၊ ဒီသံချပ်တွေပေါ်မှာလည်း သံချပ်စိစစ်မှုတွေ မလုပ်တော့ဘဲ တာဝန်ယူ တာဝန်ခံမှုနဲ့ အမုန်းစကားတွေ မရှိနိုင်တဲ့ သံချပ်မျိုးတွေ၊ အလှ အက ပုံသဏ္ဌာန်မျိုး တွေနဲ့ ယဉ်ကျေးမှု မဟာသင်္ကြန်ကြီးဖြစ်အောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။

ကျော်ကျော်သိန်း။ ။ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ရော၊ ပြည်သူလူထုအနေနဲ့ သင်္ကြန်ပွဲမှာ စိတ်ချလက်ချ ဘယ်လို စိုးရိမ်ကြောင့်ကျ ပူပန်စရာမှမရှိဘဲ နဲ့ ပျော်ပျော်ရွှင်ရွှင် ရိုးရာသင်္ကြန် နှစ်သစ်ကူးနိုင်မယ့်အခြေအနေ ရှိပါရဲ့လားခင်ဗျာ။

ဦးဖြိုးမင်းသိန်း။ ။ လုံခြုံရေးအတွက် တော်တော့်ကို ဂရုတစိုက် ကျနော် တို့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျနော်တို့ လုံခြုံရေးဆောင်ရွက်မှု က ပြည်သူတွေကို အကြောက်တရား မဖြစ်စေချင်ဘူး။ ပြည်သူတွေအတွက် အနှောင့်အယှက်မဖြစ်နိုင်တဲ့ လုံခြုံရေး ပုံသဏ္ဌာန်မျိုးတွေကိုပဲ ကျနော်တို့ ဆောင်ရွက် ထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးအခြေအနေအတွက်တော့ ကျနော်တို့ တိုးမြှင့်ထားပါ တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအချိန် ကာလဟာ ကျနော်တို့ ဒီရှေ့မှာဖြစ် ထားတဲ့ မှုခင်းတွေ အနေအထားအရ မူးယစ်ဆေးဝါး အများဆုံး မိထားတဲ့ ကာလ တခုဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ။ ဒါကြောင့်မို့ ဒီအခြေအနေတွေကို ထိန်းနိုင်ဖို့၊ ဒီ မူးယစ်ဆေးဝါး နဲ့အတူ လက်နက်တွေပါဝင်နေတဲ့ အခြေအနေတွေ ကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့ ဒီ အခြေအနေတွေကို ထိန်းနိုင်ဖို့အတွက် ကျနော်တို့ လုံခြုံရေးအဆင့်ကိုတော့ တိုးမြှင့်ထားတယ်၊ ဒါပေမဲ့ ဒီ လုံခြုံ ရေးတိုးမြှင့်ထားမှုဟာ ပြည်သူလူထုအတွက် အကြောက်တရား အနှောင့်အယှက်မဖြစ်အောင် ကျနော်တို့ ကြိုးပမ်းသွားမှာပါ။

XS
SM
MD
LG