သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ကျဆုံး


အာဖဂန်နစ္စတန်တွင် ကျဆုံးသွားသည့် အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် ခေါ် ဆမ်။
အာဖဂန်နစ္စတန်တွင် ကျဆုံးသွားသည့် အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် ခေါ် ဆမ်။

အဖ ဦးလှရွှေ၊ အမိ ဒေါ်စန်းစန်းမြင့်တို့ရဲ့ သား ၂ ဦးအနက် သားငယ် ဆမ် ခေါ် မောင်ဖြိုးသူထိုက်ဟာ ၂၀၁၁ ခု နှစ်သစ်ကူးဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တွေ ဦးစီးတဲ့ အဓွန့်ကြာရှည်မယ့် လွတ်လပ်ရေး စစ်ဆင်မှုအတွင်း ဟယ်လ်မန်းခရိုင်မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပင်မတပ်ရင်းကတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ မရိမ်းတပ်ရင်း ၂၊ တပ်မ ၉၊ တပ်စု ၂ က ဖြစ်ပါတယ်။

၁၉၉၀ ဇူလိုင်လ ၁၂ ရက်နေ့ မွေးနေ့ရှင် ဆမ်ဟာ နိုင်ငံ့အတွက် အသက်ပေးခဲ့ချိန်မှာ အသက် ၂၀ ပဲ ရှိပါသေးတယ်။ ဇန်နဝါရီလ ၈ ရက်နေ့က ဖရက်ဒရစ် (Frederick) ဘုရားကျောင်းမှာ ကျင်းပခဲ့တဲ့ ဈာပန အခမ်းအနားမှာ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး မာတင် အိုမာလေ (Martin O'Malley) တက်ရောက်ခဲ့ပြီး အာဖဂန်နစ္စတန်မှာ ကျဆုံးခဲ့သူ ဆမ်မြူရယ် ခေါ် မောင်ဖြိုးသူထိုက်ကို အခုလို ဂုဏ်ပြုခဲ့ပါတယ်။

“ဒီကနေ့ ဈာပန အခမ်းအနားမှာ အေးဆေးပြီး သတ္တိရှိတဲ့ သားရတနာတဦးဖြစ်တဲ့ ကျောင်းသားလည်းဖြစ်၊ အမေရိကန် မရိမ်းတပ်သား တဦးလည်းဖြစ်တဲ့ သူ့ကို အောက်မေ့ သတိရကြဖို့ စုဝေး ရောက်ရှိလာကြတာပါ။ သူဟာ ကမ္ဘာကြီးမှာ အခြားသူတွေ အသက်ရှင် နေထိုင်ကြဖို့အတွက် နှစ် ၂၀ သူနေထိုင်ခဲ့ရတဲ့ ဘဝအတွင်းမှာ စွမ်းဆောင် ပေးဆပ်ခဲ့သူပါ။

“သူ့မိသားစု၊ ဆွေမျိုးရင်းချာတွေ၊ ချစ်ခင်မြတ်နိုးကြသူတွေ အတွက်ကတော့ ဝေဒနာ ခံစားမှုက ကြီးမားမှာပါ။ ဒါပေမဲ့ အားလုံးက ဝိုင်းပြီး ချစ်ခင်လေးစား ဂုဏ်ယူကြတာကို တွေ့ရတော့ သူ့ကို လူဖြစ်အောင် ကျွေးမွေးပြုစုခဲ့တဲ့ မိသားစု အနေနဲ့ ဂုဏ်ယူပြီး ဝေဒနာ ခံစားမှုတွေကို ဖြေသိမ့်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

တဆက်တည်းမှာပဲ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့သူ မရိမ်းတပ်ကြပ် မာ့ခ် ဒဲလ် (Mark Dell) ကလည်း သူ့သူငယ်ချင်းနဲ့ ပတ်သက်လို့ အမှတ်ရစရာကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ စစ်ရေးလေ့ကျင့်တုန်းက အချိန်ကလည်း နောက်ကျနေပြီ၊ လူတိုင်းက အခြေအနေ မလှကြတော့ဘူး၊ ဒါပေမဲ့ ကျနော်တို့ရဲ့ မရိမ်းတပ်သား တဦးကတော့ အနိုင်မခံ၊ အရှုံးမပေး ဆက်ပြီးတော့ ကြိုးစားနေပါတယ်။ အဲဒီသူကတော့ ဆမ်ပါပဲ။ အဲဒီတုန်းက သူ့ကို ကျနော် ပထမဦးဆုံး တွေ့တာပေါ့။ လူတိုင်းမှာ မြင်မြင်ချင်း အမှတ်ရစရာ တခုခုတော့ ရှိကြပါတယ်။ ဆမ်အတွက်ကတော့ ကျနော် ပထမဦးဆုံး တွေ့ခဲ့တုန်းကအတိုင်း မေ့မရနိုင်တာက သူဟာ ဘယ်တော့မှ လက်မြှောက် အရှုံးပေးခြင်း မရှိတာပါပဲ။”

မြန်မာနိုင်ငံကနေ အသက် ၂ နှစ်အရွယ်မှာ ထွက်ခွာခဲ့ပြီး ဖခင် အလုပ်လုပ်ကိုင်ရာ စင်ကာပူကတဆင့် အမေရိကန်နိုင်ငံကို ၂၀၀၁ ခုနှစ်မှာ ပြောင်းရွှေ့ အခြေချခဲ့သူ ဆမ်ဟာ မေရီလန်းပြည်နယ် ဖရက်ဒရစ် အထက်တန်းကျောင်းမှာ ၂၀၀၈ ခုနှစ်က အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးနောက် မရိမ်းတပ်ကို ဝင်ခဲ့သူ ဖြစ်ပါတယ်။

ဖရက်ဒရစ် ဘုရားကျောင်းကို အတူတူတက်ခဲ့သူ သူငယ်ချင်း ဂျိုးဇက် နိုင် (Joseph Naing) ကလည်း ကျဆုံးခဲ့သူ သူငယ်ချင်းနဲ့ ပတ်သက်လို့ အခုလို ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

“ဆမ် ကွယ်လွန်သွားပြီ ဆိုတဲ့သတင်း ကြားရတော့ ကျနော် အိပ်မက်နေတာ ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။ ဒီသတင်း တကယ်မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းမိပါတယ်။ ဆမ်ဟာ ကျနော်တို့နဲ့အတူ ခရစ်ယာန် ဘုရားကျောင်းကို တက်တယ်၊ ကျနော်တို့နဲ့ အတူတူ ထိုင်တယ်၊ ဆမ်က စကားနည်းတယ်၊ တည်ငြိမ်တယ်၊ တရားဟောတာကို အာရုံစိုက်တယ်၊ ကျနော်တို့သိတဲ့ တခြားလူတွေနဲ့ မတူပါဘူး။ ဒါပေမဲ့ သူဟာ ကျနော်တို့ရဲ့ သူငယ်ချင်းပါ။ ဒီနှစ်သစ်ကူးချိန်မှာ ကျနော်တို့က အပျော်ကြီး ပျော်ခဲ့နေကြပါတယ်။ ဆမ်ကတော့ သူချစ်တဲ့ နိုင်ငံအတွက် အသက်စွန့်သွားခဲ့ရှာပါတယ်။”

ဆမ် ခေါ် ဖြိုးသူထိုက်နဲ့ ပတ်သက်လို့ အကိုဖြစ်သူ ဒန်နီယယ် ဇေယျာ (Daniel Zeyar) ကို မေးကြည့်ခဲ့ပါတယ်။

“ကျနော် နောက်ဆုံး အမှတ်ရတာလေးက ဒီဇင်ဘာ ၁၉ ရက်နေ့က သူနဲ့ကျနော် အွန်လိုင်းမှာ စကားပြောဖြစ်တယ်။ ပြောဖြစ်တော့ သူက မြန်မာနိုင်ငံက ၂ တန်းထဲက ထွက်လာတာဆိုတော့ သိပ်စိတ်မဝင်စားဘူး။ ကျနော် အရင်တုန်းက မြန်မာနိုင်ငံ ပြန်မလားလို့ မေးရင် သိပ်စိတ်မဝင်စားဘူး။ သူ ဒီမှာပဲ နေတော့မယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းကတော့ အကိုကြီးတဲ့၊ မြန်မာနိုင်ငံ ပြန်တဲ့အခါဆိုရင် သူ့ကို သေချာပြောပေါ့၊ သူ လိုက်ခဲ့ချင်တယ်ပေါ့၊ အဲဒါ နောက်ဆုံး သူ့ကို အမှတ်ရတာပေါ့။”

သူက တိုက်ပွဲမှာ ဘယ်လိုကျသွားတာလဲ။ တိုက်ပွဲအကြောင်း၊ သူကျသွားတဲ့အကြောင်း ပြောပြပေးပါ။

“၁ ရက်နေ့က ဘာမှ အတိအကျ မရဘူး။ ၁၀ ရက်နေ့ ရောက်လာတော့ နည်းနည်း ထပ်ပြီး သတင်းကြားရပါတယ်။ ပိုသိရတာကတော့ ဖြစ်တာ သူ ညဘက် ကင်းလှည့်သွားနေတဲ့ အချိန်မှာ ဗုံးပေါက်သွားတယ်လို့ သတင်းရပါတယ်။ မသေချာတာကတော့ ကားနဲ့သွားနေတဲ့ အချိန်လား၊ လမ်းလျှောက်သွားနေတဲ့ အချိန်လား၊ အဲဒါတော့ မသေချာပါဘူး။ ဖြစ်တာတော့ သူတယောက်တည်းပါပဲ။

“ညီလေးကို လွမ်းတဲ့အခါတိုင်း၊ စိတ်ညစ်ပြီး စိတ်ဓာတ်ကျတဲ့ အခါတိုင်း သူ့မျက်နှာကို ပြန်မြင်ယောင်ပြီး အဲဒီအချိန်မှာ သူ့အနေနဲ့ အကိုကြီးတွေ၊ မိဘတွေကို ပျော်ပျော်ရွှင်ရွှင် နေစေချင်မှာပဲဆိုတဲ့ စိတ်ထားနဲ့ပဲ သူ့ကြောင့်ပဲ စိတ်ညစ်မနေဖို့၊ သူ မမြင်ချင်ဘူးဆိုပြီး အဲဒါကိုပဲ ပြန်မြင်ပြီးတော့၊ အာရုံပြုပြီးတော့။”

အာဖဂန်နစ္စတန်မှာ နှစ်သစ်ကူးနေ့က ကျဆုံးခဲ့တဲ့ ဒု-တပ်ကြပ် ဖြိုးသူထိုက်ရဲ့ စစ်ဈာပန အခမ်းအနားကိုတော့ ဇန်နဝါရီလ ၁၈ ရက်၊ အင်္ဂါနေ့ မနက် ၉ နာရီ၊ အာလင်တန် အမျိုးသား စစ်သင်္ချိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG