ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်အတွင်း ဗုံးကွဲမှုနဲ့ ဆက်စပ်လို့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို အာဏာပိုင်တွေဘက်က နှိပ်စက်ညှဉ်းပန်းပြီး ဖြောင့်ချက် အတင်းပေးခိုင်းခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရသူတွေအပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေ ကိစ္စ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ အာရှဒေသ ဥပဒေရေးရာ အဖွဲ့တဖွဲ့ကနေ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလ ဗုံးကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူ ကိုဖြိုးဝေအောင်ကို မျှတတဲ့ တရားခွင် ဖြစ်စေဖို့ စတဲ့ အကျဉ်းသားတဦးရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်တွယ် ဆောင်ရွက်ပေးဖို့ ALRC ခေါ် အာရှဒေသ ဥပဒေရေးရာ ဌာနကနေ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေကို စာရေးပေးပို့ တောင်းဆိုပါတယ်။ အထူးသဖြင့် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် အနေနဲ့ စုံစမ်း စစ်ဆေးပေးဖို့လည်း တိုက်တွန်းထားတာပါ။
ALRC အဖွဲ့က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကတော့ အခုလို ကုလသမဂ္ဂက ကြားဝင် ကိုင်တွယ်မယ်ဆိုရင် ဖမ်းဆီးခံထားရသူတွေ အခွင့်အရေးအတွက် တစုံတရာ အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေ အတွင်းမှာ နှိပ်စက် ညှဉ်းပန်းခြင်း ခံရတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကိုဖြိုးဝေအောင်ရယ်၊ ကိုသန်းမြင့်အောင်ရယ်၊ ကိုညီညီထွန်းရယ်၊ သူတို့ ၃ ဦးရဲ့ အမှုကို ကျနော်တို့ စနစ်တကျ အားလုံးလေ့လာ ပြုစုပြီးတော့ စာရွက်စာတမ်း အပြည့်အစုံ၊ သက်သေထွက်ချက် အပြည့်အစုံနဲ့အတူ ကျနော်တို့ ကုလသမဂ္ဂ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အထူးကိုယ်စားလှယ်၊ ပြီးတော့ မြန်မာနိုင်ငံက အထူးကိုယ်စားလှယ်၊ စသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လက်အောက်မှာရှိတဲ့ အဖွဲ့အစည်း အသီးသီးကို ကျနော်တို့ တင်ပို့ခဲ့တာ ရှိတယ်။”
ကိုမင်းလွင်ဦးတို့ ဘက်ကနေပြီး အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေကို ဒါနဲ့ပတ်သက်လို့ ဝင်ရောက် ဆောင်ရွက်ပေးဖို့ အကူအညီ တောင်းထားတယ်ဆိုတော့ သူတို့ဘက်ကရော ဘယ်လောက်အထိ လုပ်ပေးနိုင်လဲ၊ ဘယ်လောက်အထိ လုပ်လာနိုင်လဲခင်ဗျ။
“မြန်မာနိုင်ငံတွင်းမှာ လက်ရှိ ဒီအကျဉ်းထောင်တွေ အတွင်းမှာ ရဲအရာရှိတွေက သော်လည်းကောင်း၊ သတင်းတပ်ဖွဲ့က သော်လည်းကောင်း၊ အကျဉ်းဌာန ဦးစီးအရာရှိတွေက သော်လည်းကောင်း၊ နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စရပ်တွေက အတော်အသင့် ရပ်ဆိုင်းသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်ပြီးတော့ ဒီလိုမျိုး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က နေပြီးတော့ ဝင်ရောက်ပြီး စုံစမ်းစစ်ဆေးတဲ့ ကိစ္စရပ်တွေ၊ မေးမြန်းတဲ့ ကိစ္စရပ်တွေ ပေါ်လာလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင်တွင်း အခြေအနေတွေကလည်း တစုံတရာ ပြောင်းလဲလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တဲ့အတွက် ကျနော်တို့ အခုလို ပေးပို့ရခြင်း ဖြစ်ပါတယ်။”
ကိုဖြိုးဝေအောင်ရဲ့ တရားရေး ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ ရှေ့နေဖြစ်သူ ဦးကျော်ဟိုးကတော့ ဗဟိုတရားရုံးကို ဦးတိုက်လျှောက်ထားပြီး အခုလာမယ့် ၇ ရက်နေ့မှာ အဖြေထွက်လိမ့်မယ်လို့ ပြောပါတယ်။
“သူ့ရဲ့ဇနီးကနေပြီးတော့ တိုင်စာပေါ့ဗျာ၊ တင်ပြစာပေါ့၊ ပြည်ထဲရေး ဝန်ကြီးတို့၊ ဝန်ကြီးချုပ်ဆီရော ညှဉ်းပန်းနှိပ်စက်တဲ့ ရဲအရာရှိတွေကို အရေးယူပေးဖို့ စာတွေ အကြိမ်ကြိမ် တင်တယ်လို့ ကျနော်တို့ သိရပါတယ်။ စတွေ့တဲ့ အချိန်ကတော့ ပုံမှန်အခြေအနေ မဟုတ်ဘူးပေါ့။ ပုံမှန်အခြေအနေ မဟုတ်ဘူးဆိုတာ အရှိန်တွေကလည်း ရှိသေးတာကိုး။ သူ့ကို စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ အကြောင်းတွေ ပြောပြတယ်။ ပြီးတော့ အင်းစိန်ထောင်မှာ သူ့ကို ၂ လ၊ ၃ လလောက်က တယောက်တည်း ထားတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး သူ့မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်။”
အခု သူ့ကို သူလုပ်ပါတယ်ဆိုပြီး အတင်းအကျပ် ဝန်ခံခိုင်းတဲ့ ကိစ္စကရော တရားရုံးမှာ ဘယ်လောက်အထိ အကျုံးဝင်လဲခင်ဗျ၊ တရားရင်ဆိုင်နေရတဲ့ အခါမှာ။
“ပထမအဆင့် အနေနဲ့ တရားသူကြီးက ဒီတရားခံကတော့ သူ့အလိုအလျောက်ပေးတဲ့ ဖြောင့်ချက်ဖြစ်တယ် ဆိုပြီးတော့ တရားသူကြီးရဲ့ စိတ်ထဲမှာ ခိုင်ခိုင်လုံလုံ ယုံကြည်မှသာလျှင် ဖြောင့်ချက်ယူခွင့် ရှိတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ဖြောင့်ချက်ယူရင်တော့ ဥပဒေနဲ့ မညီဘူးပေါ့လေ။ ဖြောင့်ချက်ဆိုတဲ့ ကိစ္စက အမှုအတွက် အင်မတန် အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားခံတယောက်က ဒီဖြောင့်ချက် တခုတည်းနဲ့ ပြစ်ဒဏ်ကျသွားနိုင်တယ်လေ။ ဒါကြောင့် တရားသူကြီးတွေကိုလည်း ဥပဒေအရ ဒီလို ကြီးလေးတဲ့တာဝန် ပေးထားတယ်ပေါ့။”
အခု သူ့ရဲ့အမှုကို အခုလို ကြားနာစစ်ဆေးတဲ့ တရားရုံးမှာတွေ့တဲ့ အခါမှာရော အများပြည်သူရှေ့မှာ စစ်ဆေးတာလား၊ အန်ကယ်တို့ သီးခြား စစ်ဆေးတာလား။
“ထောင်ဝင်းထဲမှာပါ။ ဒီပြဿနာလည်း ကျနော်တို့ ပြင်ဆင်မှု တင်ထားပါတယ်။ ထောင်ဝင်းထဲမှာထားပြီး စစ်တယ်၊ အဲဒါနဲ့ ကျနော်တို့ကလည်း ဖြိုးဝေအောင်ရယ်၊ သူ့ဇနီးနဲ့ သူ့ညီပေါ့၊ ဒေါက်တာ ထက်ဝေအောင်တို့က တရားခွင်ထဲ ဝင်နားထောင်ချင်တယ်ဆိုလို့ ကျနော် တရားရုံးကို တင်ပြတယ်။ တရားရုံးက ဘာမှ လုပ်မပေးပါဘူး။ ဒီလို လုပ်မပေးတဲ့ အတွက်ကြောင့်လည်း ကျနော်တို့ ပြင်ဆင်မှု တင်တယ်။ တရားရုံးအနေနဲ့ အများပြည်သူ ဝင်ထွက် သွားလာနိုင်တဲ့ တရားခွင်ဖြစ်အောင် လုပ်ပေးဖို့ဆိုပြီး တိုင်းတရားရုံးတင်တယ်၊ တိုင်းတရားရုံးက အကျဉ်းနည်းနဲ့ ပလပ်တယ်။ အဲဒါကို တရားရုံးချုပ်ကို ဆက်တင်တဲ့ အခါကြတော့ တရားရုံးချုပ်ကတော့ ဒီကိစ္စကို လက်ခံထားပါတယ်။ နှစ်ဘက် ကြားနာဖို့။”
ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်းက H2O ရေကစားမဏ္ဍပ်အနီး ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး VBSW စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး ကိုဖြိုးဝေအောင်ပါ ၅ ဦးကို မြန်မာအာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ ကိုဖြိုးဝေအောင် တဦးကိုပဲ လက်ရှိ ဖမ်းမိထားတာဖြစ်ပြီး ကျန် ၄ ဦးကတော့ လွတ်မြောက်နေပါတယ်။