သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနည်းစုအခွင့်အရေး ကာကွယ်ဖို့ မြန်မာအစိုးရ ပျက်ကွက်သလား


မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း လူနည်းစု မူဆလင်တွေကို အကာအကွယ်ပေးဖို့ အစိုးရက ပျက်ကွက်ခဲ့တဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Physicians for Human Rights ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

အစိုးရက အကြမ်းဖက်မှုတွေ မဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ပြောပေမဲ့လည်း လက်တွေ့ အစီအမံတွေမှာတော့ အားနည်းနေဆဲ ဖြစ်တယ်လို့လည်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

လူပေါင်း ရာဂဏန်းအထိ သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့က ပဋိပက္ခတွေမှာ လူနည်းစုဖြစ်တဲ့ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များအဖွဲ့ (Physicians for Human Rights) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက ထပ်တလဲလဲ မူဆလင်ဆန့်ကျင်တဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုနဲ့ ဟန့်တားမှုတွေအတွက် တောင်းဆိုချက်အဖြစ် အမည်ပေးထားတဲ့ အစီရင်ခံစာကို ပြုစုသူတဦးဖြစ်တဲ့ Andrea Gittleman ကတော့ တာဝန်ရှိသူတွေကို အရေးမယူတာက ပြဿနာတွေကို ကြီးထွားစေခဲ့တာလို့
ပြောပါတယ်။

“အကြမ်းဖက်မှုတွေဟာ နိုင်ငံအနှံ့ ပျံ့နှံ့ခဲ့တာကိုလည်း ကျမတို့တွေ့ခဲ့ရပါတယ်။ ဒါဟာလည်း အပြစ်ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ အလေ့အထကြောင့် ဖြစ်ရတာလို့ ကျမတို့က ယုံကြည်ပါတယ်။ ဒါကြောင့်လည်း အန္တရာယ် ကျရောက်နိုင်တဲ့ လူတွေကို ပိုပြီး အကာအကွယ်ပေးဖို့၊ ဒီလို အကြမ်းဖက်မှုတွေ ပျံ့နှံ့နေတာ အဆုံးသတ်အောင် ထင်သာမြင်သာ ဆောင်ရွက်ဖို့ ကျမတို့က တိုက်တွန်းရတာပါ။”

အနီးအနားမှာ လက်နက်ကိုင် လုံခြုံရေး အာဏာပိုင်တွေရှိလျက်နဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာတွေ၊ တချို့ကိစ္စတွေမှာ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အားပေးတာမျိုးတွေ တွေ့ခဲ့ရတာဟာလည်း တုန်လှုပ်စရာလို့ သူကပြောပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့ အပါအဝင် သွေးထွက်သံယို ပဋိပက္ခတွေမှာ တာဝန်ရှိသူတွေအဖြစ် မကြာသေးခင်လတွေအတွင်း အာဏာပိုင်တွေက တရားရုံးတင် စစ်ဆေးပြီး အရေးယူနေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များအဖွဲ့က ကြိုဆိုပေမဲ့လည်း ကျူးလွန်သူတွေကို တိတိကျကျ စုံစမ်းဖော်ထုတ်တာမျိုး ဖြစ်ဖို့လည်း လိုတယ်လို့ သူက သတိပေးခဲ့တာပါ။

“မြန်မာအစိုးရအနေနဲ့ မဆိုသလောက် လူတချို့ကို ကြုံသလို ဖမ်းဆီးပြီး ပြဿနာကို အလေးအနက်ထား ကိုင်တွယ်နေတယ်၊ အခြေအနေအားလုံးကို ထိန်းသိမ်းနိုင်တယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေကို ပြရုံသက်သက် မဖြစ်ဖို့လည်း လိုပါတယ်။ တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေနဲ့ အပြစ်ကျူးလွန်သူ အားလုံးကိုလည်း မျှမျှတတ အရေးယူနိုင်အောင် ဆောင်ရွက်တာမျိုး
ဖြစ်စေချင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ လတ်တလောမှာ ထိထိရောက်ရောက် တာဝန်ခံမှု ရှိရှိဖြစ်အောင် လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ တိုင်းပြည်မှာ ဘာသာရေးအရ မတူကွဲပြားမှုတွေအပေါ် သည်းခံစိတ် မွေးနိုင်အောင် လုပ်နိုင်တာတွေလည်း အများကြီးရှိတယ်လို့ ထင်ပါတယ်။”

Physicians for Human Rights အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အထူးသဖြင့် မြန်မာအစိုးရက ဘင်္ဂါလီတွေ အဖြစ်နဲ့သာ လက်ခံထားတဲ့ မူဆလင် ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတယ်လို့ မြင်ကြပါတယ်။ တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ရခိုင်လူမျိုးတွေကြားမှာလည်း အကြမ်းဖက်မှုတွေ ခံစားခဲ့ရတာတွေကို လျစ်လျူရှုခံရတယ်ဆိုပြီး ၁၀ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိသွားတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Ojae Quintana ရခိုင်ပြည်နယ်ကို ရောက်သွားချိန်မှာ ကန့်ကွက်ဆန္ဒပြတာတွေလည်း ရှိခဲ့တာပါ။

Physicians for Human Rights) ရဲ့ အစီရင်ခံစာ ပြုစုသူတဦးဖြစ်တဲ့ Andrea Gittleman ကတော့ ဘာသာရေး၊ လူမျိုးရေးအရ ကွဲလွဲမှုတွေရဲ့ နက်ရှိုင်းမှုကို နားလည်နိုင်ပေမဲ့ ပြဿနာကို အကြမ်းဖက် ဖြေရှင်းတာမျိုးကိုတော့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

“ရခိုင်ပြည်နယ်က အခြေအနေဟာ ရှုပ်ထွေးတယ်လို့ ကျမယူဆပါတယ်။ ရခိုင်လူမျိုးတွေ ကိုယ်တိုင်လည်း ခွဲခြားဖိနှိပ်မှုတွေ ခံရပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စကြောင့် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်စရာ အကြောင်းလည်း မရှိပါဘူး။ ကျမတို့ အနေနဲ့ လူတွေအားလုံးကို သိမ်းကျူံး မပြောမိဖို့ သတိထားရမှာ ဖြစ်သလို၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကိုပဲ ပြောရမှာပါ။ အထူးကိုယ်စားလှယ် ကင်တားနား အနေနဲ့လည်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းနေတယ် ဆိုပေမဲ့ ဒီထက် ကျယ်ပြန့်တဲ့ အခြေအနေတွေကိုလည်း နားလည်တယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။”

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ Physicians for Human Rights ရဲ့ အစီရင်ခံစာကိုတော့ လူပေါင်း ၇၀ ကျော်ကို မေးမြန်းပြုစုထားတာပါ။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရန်ကုန်မြို့တွေက ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ နေရာပေါင်း ၁၈ ခုကို မတ်လကနေ၊ ဧပြီလအတွင်း ကွင်းဆင်း လေ့လာရာက ရရှိခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံ ပြုစုထားတာ ဖြစ်တယ်လို့လည်း အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။
XS
SM
MD
LG