သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံညီလာခံကို ပြည်ပတိုင်းရင်းသားတွေ ကြိုဆို


မြန်မာနိုင်ငံမှာ ၅ ရက်ကြာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို အမေရိကန်ပြည်ထောင်စုရောက် တိုင်းရင်းသားတွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေတဲ့နေ့ဖြစ်ပြီး - မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အစပျိုးမှုတခုလို့ ပြောဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီပင်လုံညီလာခံကြီးကနေ ထွက်ပေါ်လာမယ့် ရလဒ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ပြောဆို ခဲ့ကြတာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထား တဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၄ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံညီလာခံကြီးဟာ မြန်မာနိုင်ငံမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီး အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိစေဖို့ နိဒါန်းတခုအဖြစ် ပြည်ပရောက် တိုင်းရင်းသားတွေက ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ ဂမ်ဆန်မောင် က -

“ရှင်းရှင်းပြောမယ်ဆိုရင် ကျနော်တို့ အနှစ် ၃၀ ကျော် စောင့်နေတဲ့နေ့က ဒီအခြေအနေပဲပေါ့နော်။ ဒီနိုင်ငံရေး အခင်းအကျင်းကိုပဲ ကျနော်တို့ စောင့်နေခဲ့တာပါ။ အစပျိုးမှုတခုအနေနဲ့တော့ ကျနော် မြင်ပါတယ်။ နောက်တခုက အားလုံးကနေပြီးမှ စစ်တိုက်ပြီး ဖြေရှင်းတာမဟုတ်ဘဲနဲ့ စားပွဲပေါ်မှာ ဖြေရှင်းမယ်။ ညှိနှိုင်းပြီးမှ အဖြေရှာမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောက်ရှိလာတာ ကတော့ အပြုသဘောဆောင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ တကယ်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်တယ်။ နောက်တခုက အနှစ် ၆၀ ကျော်တဲ့ ပြည်တွင်းစစ်ကို ရပ်ဆိုင်းစေချင်တာ တကယ်ကို ပေါ်လွင်နေတာပဲပေါ့နော်။ တိုက်ပွဲတွေကြားထဲမှာ နေပြည်တော်အထိ ရဲရဲဝံ့ဝံ့ လာပြီးမှ လာဆွေးနွေးတယ်၊ ကျင်းပပွဲကို လာတယ်ဆိုတာ အများကြီး အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။”

ဒါပေမဲ့လည်း ၂၁ ရာစုပင်လုံညီလာခံကြီးမှာ အားလုံးပါဝင်သင့်ပေမဲ့ မပါနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့လည်း ရှိနေတာကြောင့် အားနည်းချက်တွေလည်း ရှိနေပြီး - အဆုံးမှာ ညီလာခံကြီးကနေ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လု့ိလည်း ဂမ်ဆန်မောင် က ပြောဆိုခဲ့ပါတယ်။

ချင်းတိုင်းရင်းသားဖြစ်တဲ့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာဆလိုင်းထွန်းသန်း ကလည်း - ၁၉၄၇ ပင်လုံညီလာခံ မအောင်မမြင် ဖြစ်စေခဲ့တဲ့ - တိုင်းရင်းသား အချင်းချင်းကြား တန်းတူအခွင့်အရေး ပေးအပ်နိုင်မှသာ - ယနေ့ခေတ် ၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်ပြီး သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မှာဖြစ်တယ်လို့ ထောက်ပြခဲ့တာပါ။

“ပင်လုံညီလာခံက အစတုန်းကတော့ ဘာကြောင့်လုပ်ခဲ့သလဲဆိုရင် ဟိုတုန်းက အင်္ဂလိပ်က သွေးခွဲထားခဲ့လို့ ဒါတွေဟာ ပြန်ပြီးတော့ သွေးစည်း ညီညွတ်အောင်ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက လုပ်ခဲ့တာ။ သို့သော်လည်းပဲ ဒါဟာ အကောင်အထည် မဖော်နိုင်ဘူး။ မဖော်နိုင်တဲ့အပြင် တချို့နေရာတွေမှာ ပိုတောင်ဆိုးတယ်။ အခု နအဖခေတ်မှာပေါ့လေ။ ဘာကြောင့် ဒီလိုပျက်စီးရတာလဲ။ အဲဒါကို အဖြေရှာဖို့လိုတယ်။ တိုင်းရင်းသား လူနည်းစုနဲ့ တိုင်းရင်းသားပဲ လူများစုဖြစ်တဲ့ မြန်မာတို့က အခွင့်အရေးမတူလို့ ဒီလိုဖြစ်တာ။ တကယ်တော့ ဗမာဟာလည်း ဗမာပဲ။ ကချင်ဟာလည်း ဗမာစတော့ကပဲ။ ချင်းဟာလည်း ဗမာစတော့ကပဲ။ ကရင်ရော၊ မွန်ရော အားလုံးက ဗမာစတော့ကပဲ။ ရခိုင်လည်း ဗမာစတော့ကပဲ။ ငါတို့က အတူတူမူရင်းလာကြတဲ့ဥစ္စာ ငါတို့ဟာ မြန်မာလူမျိုးဟာ မြန်မာလူမျိုး၊ သို့သော် ကွဲသွားတဲ့အကြောင်းရင်းတွေကတော့ အများကြီးရှိတာပေါ့။ အပင်ကြီးတပင်မှာ ပင်စည်ကြီးရှိသော်လည်း အကိုင်းတွေအများကြီးကွဲသလိုပဲ ငါတို့ဟာ ဒီလိုပဲ မြင်နိုင်လို့ရှိရင်၊ အဲ့သလိုပဲ အုပ်ချုပ်နိုင်လို့ရှိရင် ၂၁ ရာစုနှစ် ပင်လုံညီလာခံသည် အောင်မြင်ယုံမကဘူး။ ငါတို့ဟာ သမိုင်းမှာ ခြေလှမ်းသစ် ငါတို့ လှမ်းပြီ။ အဲ့သလိုပဲမြင်တယ်။”

အလားတူ ကရင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးရောဘတ်ဇံ ကလည်း - ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုပေမဲ့ - ငြိမ်းချမ်းရေးရဖို့အတွက်ကတော့ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာပါ။

“ပင်လုံညီလာခံလုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့လည်း အားလုံးပါသင့်တယ် အဲဒီညီလာခံမှာ။ အဲဒီမှာ ညီနောင် ၃ ဖွဲ့က မတက်ရောက်ဘူး။ အဲတော့ ညီလာခံလုပ်ပြီးရင် ၄၇ ပင်လုံတုန်းကလည်း ပင်လုံရဲ့ ဆုံးဖြတ်ချက်တွေ ဘာမှအကောင်အထည်မပေါ်ဘူး။ ပင်လုံချုပ်ပြီးလို့မှ မကြာခင်ပဲ ပြည်တွင်းစစ် က ဆက်ဖြစ်တယ်။ ဒီနေ့ ၂၁ ပင်လုံခေါ်နေပေမဲ့ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဒါကို ဘယ်လိုနားလည်ရမလဲ ကျနော်တို့။ အဲတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ရင် အစိုးရအနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်။ အခုက အကုန်ကျခံပြီးတော့မှ ညီလာခံလုပ်တယ်။ တဘက်က စစ်တိုက်နေတယ်။ ဒါ ယုံနိုင်စရာ အကြောင်းလည်း မရှိဘူး။ အခုလည်း လုပ်ပြန်ပြီ ပင်လုံတဲ့ ပြီးရင် ဟိုမှာ ၂၀၀၈ ဖွဲ့စည်းပုံကြီးက ခံနေတယ်။ အဲဒါကြီးကို မပြင်မချင်း ဘာမှမရလာနိုင်ဘူး။ ငြိမ်းချမ်းရေးလည်း မရသလို၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံလည်း တည်ဆောက်လို့ မရနိုင်ဘူးလို့ ကျနော်မြင်ပါတယ်။”

မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားကို အစိုးရတာဝန်ရှိသူတွေ တိုင်းဒေသဝန်ကြီးချုပ်တွေ တပ်မတော်အရာရှိကြီးတွေ၊ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှူအဖွဲပအစည်းက ပုဂ္ဂိုလ်တွေအပြင် သံတမန်တွေ အတော်များများလည်း တတ်ရောက်ကြ သလို၊ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့ကလည်း ကြိုဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG