သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံညီလာခံအပေါ် ကိုယ်စားလှယ်တချို့အမြင်


အခုနားဆင်ခဲ့ကြရတာကတော့ နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံ ညီလာခံကြီးအပေါ် ပြည်ပမှာ ရောက်ရှိနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင် သဘောထားတွေပဲ ဖြစ်ပါတယ်။ အခုတော့ အဲဒီညီလာခံကြီးမှာ တက်ရောက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တချို့ရဲ့ ပြောကြားချက်တွေကို ဦးစံမိုေ၀ က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရာစုနှစ်ထက်ဝက်ကျော် ကာလအတွင်း ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြောက်ခဲ့တဲ့ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေ့ရှု ရည်ရွယ်ကျင်းပတဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ပထမနေ့ကို မနေ့က စတင်ပြီး ဖွင့်လှစ်ခဲ့ရာမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေ၊ လေ့လာသူ ဧည့်သည်တော်တွေ သံတမန်တွေ စုံစုံညီညီတက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလိုတက်ရောက်လာကြတဲ့အထဲက “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဌ (၁) ဖြစ်တဲ့ ဦးဆမ်ဆောင်းခါးကတော့ သူတို့ပါတီအနေနဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ညီလာခံကို တက်ရောက်လာတာ ဖြစ်တဲ့အကြောင်းနဲ့ တိုင်းပြည်တိုးတက်ရေးမှာ ငြိမ်းချမ်းရေးရှိဖို့ အရေးကြီးကြောင်း အခုလို VOA ကို ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ကို အေးချမ်းစေချင်တယ်။ ထာဝရငြိမ်းချမ်းရေး ရစေချင်တယ်။ အဲဒါမှပဲ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်လို့ကောင်းမှာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက တော်တော်လေး ကို ခေတ်နောက် တအားကို ကျနေပါပြီ။ အဲဒါကို အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်အောင် ကျနော်တို့က ကြိုးစားပြီးတော့ လုပ်ဖို့ လိုအပ်တယ်ဆိုတာ တွေ့ရပါတယ်။”

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ရဲ့ ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်း ကတော့ ဒီညီလာခံကြီးဟာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမယ့် အနာဂတ်မှာ နောက်ဆက်တွဲ ညီလာခံတွေ ကျင်းပဖို့ လိုအပ်အုံးမှာ ဖြစ်ကြောင်းပြောပါတယ်။

“ကျမတို့ တိုင်းပြည် တခုလုံးဟာ စစ်ပွဲနဲ့ပဲ အချိန်ကုန်ခဲ့တာ နှစ်ပေါင်း ၇၀ နီးပါးရှိပါပြီ။ ဒါဟာ ငြိမ်းချမ်းရေးအတွက် တံခါးခေါက်လိုက်တယ်။ ငြိမ်းချမ်းရေးအတွက် ခေါင်းလောင်းထိုးလိုက်တယ် ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီညီလာခံတခုတည်းနဲ့တော့ ကျမတို့ မပြီးပြည့်စုံပါဘူး။ ကျမတို့ ညီလာခံမြောက်များစွာကို ဖြတ်သန်းရပါဦးမယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ စကားပြောရမယ့်အနေအထားတွေ အများကြီး ရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းက ပါတီတွေ၊ အများကြီး သူတို့ ပါဝင်လာဖို့ အရေးကြီးပါတယ်။ တသံတည်းထွက်ဖို့ လိုပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ တိုင်းပြည် ပြုပြင်တဲ့အခါမှာ ရှေ့ကို ဘယ်လိုသွားမလဲဆိုတာကို ဒီညီလာခံအပြီးမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်ပြီးမှ အနာဂတ်တချိန်ချိန်မှာ ဖြစ်ပေါ်လာမယ့် ညီလာခံအတွက် ကျမတို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။”

အခုညီလာခံမှာ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေက စာတမ်းတွေ တင်သွင်းကြမှာဖြစ်ပြီး အဲဒီကနေ ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို မှတ်တမ်းတင်ထားပြီး နောက်ဆက်တွဲညီလာခံတွေမှာ အကျေလည်ဆွေးနွေး ကြရမှာဖြစ်သလို၊ နိုင်ငံရေးမူဘောင်ကိုလည်း ပြန်လည်ရေးဆွဲဖို့ လိုလိမ့်မယ်လို့ ဒေါ်စောမြရာဇာလင်း ကပြောပါတယ်။ အခုညီလာခံကြီးကနေ ငြိမ်းချမ်းအတွက် အဖြေတခုထွက်နိုင်ဖို့ မလွယ်ကူပေမဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ အခြေခံကောင်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ ပြောသူကတော့ ညီလာခံကို လေ့လာသူအဖြစ်တက်ရောက် နေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်း မြန်မာအဖွဲ့ ခေါင်းဆောင် ဦးအောင်မျိုးမင်းဖြစ်ပါတယ်။

“ကျနော်တို့က ဒါ ခြေလှမ်းပေါင်းစုံ စမယ့် မိုင်ထောင်ချီခရီးအတွက် ပထမဆုံး ခြေလှမ်းတရပ်လို့ ပြောလို့ရတယ်။ ဒီ ၄ ရက်တာ ဆွေးနွေးမှုတွေကနေ ဖြေရှင်းနိုင်မယ့် ဖြေရှင်းချက်တွေတော့ ထွက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖောင်ဒေးရှင်းလို့ခေါ်တဲ့ တဦးနဲ့တဦး အပြန်အလှန် လေးစားခြင်း၊ တန်းတူညီမျှသာ ဆက်ဆံခြင်း၊ တယောက်နဲ့တယောက် လိုလားချက်များကို ကိုယ်ကျိုးမပါဘဲ တိုင်းပြည်အကျိုးအတွက် ပွင့်လင်းစွာ တင်ပြနိုင်ခြင်းဆိုတဲ့ အစဉ်အလာကို ဒီက စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲတော့ ဒါမျိုးတွေ ကျနော်တို့ လုပ်ဆောင်ခြင်းအားဖြင့် နောက်ထပ် ကျနော်တို့တိုင်းပြည်မှာ နှစ်ပေါင်းများစွာရှိနေတဲ့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေကို ကျနော်တို့ ဆက်လက် ဖြေရှင်းနိုင်မယ့်လမ်းကြောင်းကို ဒီကနေ ဆွဲခေါ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

၂၁ ရာစု ပင်လုံ ညီလာခံနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က ဦးစိုင်းကျော်ညွန့်ရဲ့ သဘောထားကတော့ -

“မျှော်လင့်ချက်ကတော့ အထွေအထူးတော့ သိပ်မရှိပါဘူး။ အရင်ပွဲနဲ့စာရင် ပိုမိုပြီးတော့ ပါဝင်လာကြတာပေါ့။ ဒါကလည်း နောက်ထပ် ခြေလှမ်းတလှမ်း တက်နိုင်တယ်ဆိုတဲ့သဘောပေါ့။”

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ် စိုင်းကျော်ညွန့်ဖြစ်ပါတယ်။ VOA က တွေ့ဆုံမေးမြန်းခဲ့တဲ့ ညီလာခံ ကိုယ်စားလှယ်တွေက ညီလာခံကို တက်ရောက်ဖို့ ကျန်နေတဲ့ ကိုးကန့်၊ တအာင်းပလောင် TNLA နဲ့ ရခိုင့်တပ်မတော် AA စတဲ့ အဖွဲ့ ၃ ဖွဲ့ ကိုလည်း ဖိတ်ကြားဖို့ သင့်ကြောင်း ဒါမှသာ all-inclusive အားလုံး ပါဝင်တယ်ဆိုတဲ့ သဘောသက်ရောက်မှာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီညီလာခံကြီးကို စက်တင်ဘာလ (၄) ရက် တနင်္ဂနွေနေ့အထိ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG