သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံမှာ တိုင်းရင်းလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ရာထူးမဖော်ပြမှု ဝေဖန်ခံရ


၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ ပြင်ဆင်မှုများ
၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ ပြင်ဆင်မှုများ

၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ ပြင်ဆင်ရာမှာ ညီလာခံ တက်ရောက်မယ့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ရာထူးဝိသေသတွေ မဖော်ပြတာဟာ တန်းတူညီမျှရေးကို အလေးမထား ရာ ရောက်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။ ညီလာခံ ပြင်ဆင်မှုက အစ တန်းတူရေးကို အလေးမထားတာကြောင့် ပင်လုံရဲ့ အနှစ်သာရ မပြည့်ဝမှာကို အရပ်ဖက်အဖွဲ့အစည်း တွေအနေနဲ့ စိုးရိမ်နေကြတာပါ။

ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

သြဂုတ်လ ၃၁ရက်နေ့မှာ ကျင်းပမယ့် ၂၁ရာစု ပင်လုံညီလာခံအတွက် အခမ်းအနား ပြင် ဆင်ရာမှာ အစိုးရနဲ့ တပ်မတော်ဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ရာထူးဂုဏ်ပုဒ်တွေကို ဖော်ပြထားပေ မယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ရာထူးဝိသေသတွေကိုတော့ တန်းတူဖော်ပြခြင်း မရှိတဲ့ အပေါ် အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ရှိသူတွေရဲ့ ရာထူးဝိသေသတွေကို မဖော်ပြတာ ဟာ အသေးအဖွဲကိစ္စလို့ ထင်ရပေမယ့်လည်း တန်းတူညီမျှရေးကို အလေးမထားရာရောက်သလို ဂုဏ် သိက္ခာချတဲ့ သဘောလို့တောင် ဆိုနိုင်တယ်လို့ ၂၁ရာစုပင်လုံညီလာခံအတွက် CSO ဖိုရမ် ဖြစ်မြောက် ရေး ယာယီကော်မတီမှာ ပါဝင်တဲ့ ကိုသွင်လင်းအောင်က ပြောပါတယ်။

“ကျနော်တို့လည်း အဲဒီလိုပဲ ခံစားရတာပဲ တန်းတူရေးမရှိဘူးဆိုတဲ့ သဘောမျိုးပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ သူလည်း သူ့အဖွဲ့အစည်းမှာ သူဟာသူ တာဝန်တခုယူထားတဲ့ သူ့ရာထူးရှိနေတာပဲလေ။ အဲဒါကိုမထည့်ဘူး ဆိုတော့ မထည့်ရင်လည်း ဆွေးနွေးဘက်တွေအားလုံးမထည့်ဘူးဆိုရင်လည်းတမျိုးပေါ့။ အခုက တဘက်မှာကျတော့ အစိုးရတပ်ဘက်မှာကျတော့ သူ့ရဲ့ရာထူးတွေကို အတိအကျထည့်ပြီးတော့ တဘက်ကို လုံးဝမထည့်ဘူးဆိုတော့ ဒါကဆွေးနွေးမှုမှာ တန်းတူမထားဘူးဆိုတဲ့ သဘောသက်ရောက်တယ်လေ။ ဒီတန်းတူညီမျှရေးနဲ့ ပတ်သက်ပြီးတော့ ဒီလောက်အသေးအဖွဲလေးပေါ့နော် ဒီနာမည်ရှေ့မှာ တပ်တဲ့ ကိစ္စလေးလောက်တောင်မှ ဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။”

၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တာဝန် ရှိသူတွေရဲ့ ရာထူးဝိသေသတွေ မဖော်ပြတာဟာ ပင်လုံစိတ်ဓာတ်ကို သွေဖယ်စေသလို ညီလာခံရဲ့ ဂုဏ် သိက္ခာကိုလည်း ထိပါးရာရောက်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းပြီး ဒီကနေ့ သြဂုတ်လ ၃၀ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၁ရာစု ပင်လုံညီလာခံကို ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ကျင်းပမယ် လို့ ပြောဆိုထားပေမယ့်ရှိပါတယ်။ ဒါပေမယ့်လည်း ညီလာခံ ပြင်ဆင်မှုနဲ့ ပတ်သက်လို့ ပင်လုံစိတ်ဓာတ် ကို အခြေခံတာမတွေ့ရတဲ့ အပေါ် ကချင် ငြိမ်းချမ်းရေး ကွန်ယက်က ကိုဂျော်ဂွန်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

“အဓိက ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၁ရာစု ပင်လုံရဲ့ စိတ်ဓါတ် spirit နဲ့ လုပ်ဆောင်သွားမယ်ဆိုပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ပြောခဲ့တာဖြစ်တယ်။ ပင်လုံရဲ့ စိတ်ဓါတ်လို့ပြောရင် တိုင်းရင်းသားအချင်းချင်းလေးစားမှု ၊ အသိအမှတ်ပြုမှု ၊ တန်းတူမှုကို အခြေခံတဲ့ စိတ်ဓါတ်တွေက ပင်လုံစိတ်ဓါတ်ဖြစ်ပါတယ်။ အဲဒီပင်လုံစိတ်ဓါတ်တွေက အခမ်းအနားထဲမှာတင်မဟုတ်ဘူး အခမ်းအနားမတိုင်ခင် ပြင်ဆင်တဲ့နေရာမှာရော ၊ ပြီးရင် နေရာချထားမှုတွေကအစ ၊ ပြီးရင်ပြုမှုလှုပ်ဆောင်ပုံတွေကအစ အားလုံးက ပင်လုံစိတ်ဓါတ်ကို အခြေခံရမယ့် အနေအထားပါ။ ပြီးသွားရင် ဒီပင်လုံညီလာခံမှာ ထွက်လာမယ့် ရလဒ်တွေကို အကောင်အထည်ဖော်မယ့်အချိန်မှာပဲ ပင်လုံစိတ်ဓါတ်ကိုအခြေခံရမှာဖြစ်ပါတယ်။ အဲဒီအခါကျမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ ပင်လုံစိတ်ဓါတ်၊ ပင်လုံ spirit ဆိုတဲ့ အရာက တကယ်ပဲ အဓိပ္ပါယ် ပြည့်ဝလာမှာ ဖြစ်ပါတယ်။”

မနက်ဖြန်မှာ ကျင်းပမယ့် ၂၁ရာစု ပင်လုံညီလာခံမှာကိုတော့ မဟာမိတ်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ ပလောင် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တက်ရောက်ဖို့ မသေချာသလို နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K လည်း တက်ရောက်မဟုတ်ပါဘူး။ ဒီညီလာခံ အဖွင့်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးကိုယ်စားပြုအနေနဲ့ တဦးပဲ မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့ အပေါ် မှာလည်း အများစုက ဝေဖန်နေကြတာပါ။

၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ပြင်ဆင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ရာထူးဝိသေသတွေ ဖော်ပြခြင်းမရှိတာနဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတုန်းကတော့ မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေရဲ့ နာမည်တွေမှာ တပ်ပိုင်းဆိုင်ရာ ရာထူးဝိသေသတွေ တပ်ပြီး မသုံးနှုန်းဖို့ နိုင်ငံပိုင်မီဒီယာတွေ ညွှန်ကြားခဲ့တာလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG