သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံငြိမ်းချမ်းရေးညီလာခံ ဇွန် ၃၀ ပြန်စဖို့ လျာထား


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဇွန်လ ၃၀ရက်နေ့မှာ ကျင်းပဖို့အတွက် အစိုးရက လျာထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ဖက်က အကြမ်းဖျဉ်းအားဖြင့် ဒီရက်အပေါ်မှာ သဘောတူညီထားပြီဖြစ်ပါတယ်။ ညီလာခံ ကျင်းပမယ့်ရက်ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO ဖက်က မကြာခင်ကျင်းပမယ့် အစည်းအဝေးပေါ်မှာ မူတည်နေပါတယ်။ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်မယ့်အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အရ တစ်နှစ်ကို နှစ်ကြိမ်ကျင်းပဖို့ သတ်မှတ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ အခုဆိုရင် မကျင်းပနိုင်တာ တစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလကုန်မှာ နောက်ဆုံးကျင်းပဖို့ သတ်မှတ်ခဲ့ပေမဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOအဖွဲ့တွေ မေလကုန်ပိုင်းက အလွတ်သဘောတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ဇွန်လအတွင်းမှာ ကျင်းပဖို့ ထပ်မံရွှေ့ဆိုင်းခဲ့ကြပါတယ်။

လောလောဆည်မှာတော့ ဇွန်လ ၃၀ရက်နေ့မှာ ကျင်းပဖို့အတွက်ကို အစိုးရဘက်က သတ်မှတ်လျာထားခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကလည်း အကြမ်းဖျဉ်းအားဖြင့် ဒီရက်ကို လက်ခံထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

"ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတင်နိုင်ဖို့ ကျနော်တို့ဘက်က မှန်းထားတဲ့ရက်ပေါ့နော် အဲဒါကို သူတို့က ဟိုဘက် အဖွဲ့တွေမှာ ပြန်ညှိပြီးတော့ ရက်ပြန်ပြောမယ်လို့ပြောတယ်။ အကြမ်းဖျင်းကတော့ ညီလာခံကျင်းပဖို့အတွက်လိုအပ်တဲ့ UPDJC အစည်းအဝေး ကျင်းပရမယ်ဆိုတာမှာတော့ သဘောတူတယ်။ အဲဒီအပေါ်မှာတော့ ကျင်းပမယ့်ရက် အနည်းဆုံး UPDJC ဘယ်တော့ခေါ်မလဲဆိုတာမှာ ကျနော်တို့အတည်ပြုဖို့ပြင်နေတယ်။ ၂ ဖက်ကတော့ သဘောတူတာကတော့ ဇွန်လကုန် လို့တော့ပြောတယ်။"

ညီလာခံ မတိုင်မီမှာ လုပ်ငန်းကော်မတီအစည်းအဝေးနဲ့ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး စတင်ရမှာဖြစ်ပြီး ဒီအစည်းအဝေးတွေ ကျင်းပဖို့အတွက် အနည်းဆုံး ၁၅ရက်လောက် အချိန်ယူရမှာလည်း ဖြစ်ပါတယ်။

ဇွန်လ ၃၀ရက်နေ့မှာ စတင်နိုင်မယ့်အလားအလာနဲ့ပတ်သက်ပြီး KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

"ကျနော်တို့ အလွတ်သဘောတွေ့တဲ့အချိန်မှာ အဲဒါကို အဆိုပြုထားတာပေါ့နော် ။ ဒါပေမယ့် သတ်မှတ်မှုကတော့ ၂ ဖက်စလုံးမရှိသေးဘူးလို့ ကျေျနာ်တို့နားလည်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ကတော့ အစိုးရရဲ့ အဆိုပြုချက်ကို အခုလာမယ့် အစည်းအဝေးမှာ ဆုံးဖြတ်မယ်ထင်တယ် ။ အစည်းအဝေးမတိုင်ခင်လည် တဖွဲ့ချင်းရဲ့ သဘောထားတွေကို ယူထားမှာပေါ့နော် အဲဒါရက် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ ၂ ဖက်စလုံးမှာပဲ မူတည်တယ်။"

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံတတိယအစည်းအဝေးကျင်းပဖို့ ကြန့်ကြာနေတာဟာ အဓိကအားဖြင့် ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကိစ္စ နဲ့ လုံခြုံရေးကဏ္ဍအရ တပ်တွေ ပြန်လည်ပေါင်းစည်းရေးအတွက် အပြီးအပြတ်မညှိနှိုင်းနိုင်သေးတာကြောင့်ဖြစ်တယ်လို့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။

လောလောဆည် ဆွေးနွေးဖွယ်ရှိနေတဲ့အချက်တွေကို ပဒိုစောကွယ်ထူးဝင်းက အခုလို ဆက်ပြောပါတယ်။

"အခုကျနော်တို့ ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကိုတော့ ဒီတခေါက်မှာ မဆွေးနွေးသေးဘူး။ ဒီညီလာခံပြီးမှ ဆွေးနွေးမယ် အခုလောလောဆယ်ကတော့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ နေရာနဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စတွေကိုတော့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချလို့မရသေးတဲ့ ကိစ္စ၊ ကျနော်တို့ ပြန်လည်ပြီးတော့ ဆွေးနွေးမယ်ဆိုတော့ သိပ်တော့ ပြဿနာမရှိပါဘူး။"

လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၆ သြဂုတ်လမှာ ၂၁ရာစုပင်လုံ ပထမအကြိမ်၊ ၂၀၁၇ မေလမှာ ဒုတိယအကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က လက်မှတ်ရေးထိုး ထားပြီး လက်မှတ်မရေးထိုးသေးတဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဖိတ်ကြားရင် တက်ရောက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG