ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို လာရောက် တဲ့ မြောက်ပိုင်း မဟာ မိတ်အဖွဲ့ ၇ ဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာ သွားပြီဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ၀ ခေါင်းဆောင် ၂ ဦးကိုတော့ တရုတ်နိုင်ငံ ဆေးအဖွဲ့တဖွဲ့က စောင့်ရှောက်ခေါ်ဆောင်သွားပြီး ကူမင်းမြို့ကို ရောက်ရင် ဆက်လက် ကုသပေးဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။
တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မပြီးဆုံးခင် ဒီကနေ့မှာပဲ နေပြည်တော် ကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။
အဖွဲ့ ၇ ဖွဲ့အနက်က ၅ ဖွဲ့က လာရောက်ခဲ့တဲ့ခရီးစဉ်အတိုင်း တရုတ်နိုင်ငံ ကူမင်းမြို့ကို တရုတ် အစိုးရရဲ့ အထူး လေယာဉ်နဲ့ပြန်ကြမှာဖြစ်ပြီး SSPP ရှမ်းပြည်တပ်မတော်မြောက် ပိုင်းနဲ့ မိုင်းလားအဖွဲ့တွေကတော့ ပြည်တွင်း ခရီးစဉ်အတိုင်း ထွက်ခွာကြတာ ဖြစ်ပါတယ်။
အရင်ရက်တွေက ကျန်းမာရေးမကောင်းလို့ နေပြည်တော်ကုတင်တထောင်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ UWSA ၀ အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနဲ့ ဦးပေါက်ယိုယိတို့ဟာ သူတို့ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ပြန်သင့်မပြန်သင့်ဆုံးဖြတ်ဖို့ရှိနေရာက ဒီကနေ့မှာတော့ သက်သာလာတာကြောင့် တရုတ်နိုင်ငံကို ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဝခေါင်းဆောင် ၂ ယောက်အပါအဝင် အဖွဲ့ ၅ ဖွဲ့ရဲ့ အပြန်ခရီးစဉ်ကို နေပြည်တော်ကို လိုက်ပါလာတဲ့ ဝအဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။
“ကောင်းပါပြီ။ သူတို့လည်း ကောင်းကောင်းမွန်မွန်နဲ့ လေဆိပ်မှာ။ လူကြီးတွေလည်း ဒီလေယာဉ်နဲ့ ကူမင်းကို ဆက်ပြီးတော့မှ ပြန်ဖို့ ရှိတယ်။ တရုတ်ဆေးအဖွဲ့လည်း လာကြိုပြီနော်။ အဆင်ပြေပါတယ်။ သက်သာပါပြီနော်။”
၀ ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေကိုတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်တဲ့ နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ပြောပါတယ်။
“၂ နာရီလောက်က ထွက်သွားတာ။ လေယာဉ်က ၃ နာရီနဲ့တူတယ်။ လေယာဉ်မှာကိုက ကူမင်းက ဆရာဝန် အဖွဲ့တဖွဲ့ပါလာပြီးတော့ ကူမင်းရောက်သွားရင် ဆေးရုံသွားပို့ပေးမှာ။ ၂ ယောက်စလုံးက ဆီးချို၊ သွေးတိုး ရှိ တယ်ဗျ။ နောက် နှလုံးသွေးကြောကျဉ်း၊ အဲဒီရောဂါ ပေါင်းစုံရှိတဲ့လူတွေပဲ။ ဒီမှာရောက်တော့ စိတ်ဖိစီးမှု များပြီး တော့ လူတွေနဲ့ ငြင်းကြခုန်ကြနဲ့ ၂ ရက်လောက်ဆိုတော့ ဒဏ်မခံနိုင်ဘူးဖြစ်သွားတာ။ နေပြည်တော် ကုတင် တထောင်မှာ ဘယ်သူနဲ့မှမတွေ့ဖို့ တားနေတာပဲလေ ဆရာဝန်တွေက။ လူအများကြီးနဲ့တွေ့ပြီးတော့ စိတ်ရှုပ်ထွေးပြီး စိတ်ဖိစီးမှုများမှာစိုးလို့။ ”
ဝအဖွဲ့ရဲ့ ခေါင်းဆောင်တွေ နေပြည်တော်ကုတင်တထောင်ဆေးရုံမှာ ကုသခံနေစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း သွားရောက် ကြည့်ရှု သတင်းမေးခဲ့ပါတယ်။
မြောက်ပိုင်းအဖွဲ့ ၇ဖွဲ့ဟာ NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို ပါဝင် လက် မှတ် ရေးထိုးရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒု တပ်မတေ်ာကာကွယ်ရေးဦးစီးချုပ်တို့ အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းအဖွဲ့တွေနဲ့ သောကြာနေ့က တွေ့ဆုံ အပြီး မှာတော့ ငြိမ်းချမ်းရေး အတွက် ဆက်လက်ဆွေးနွေးဖို့ ရှိနေကြောင်း ပြောဆိုထားပါတယ်။
ဦးမောင်မောင်စိုးကတော့ အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်မှု အလားအလာ ဟာ နောက်ပိုင်းဆွေးနွေးပွဲတွေအပေါ် မူတည်နေတယ်လို့ သုံးသပ်ပါတယ်။
“သူတို့က ဆက်တိုက်ဆက်လုပ်သွားမယ်ဆိုတော့ ဆက်ညှိတဲ့အခြေအနေပေါ်မှာ မူတည်တာပဲလေ။ အဲဒါက တော့။ အကုန်လုံးကတော့ ပြောနေတာပဲ။ ၁၈ ရက်နေ့မှာ ထပ်တွေ့ကြမှာ။ ”
လောလောဆယ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မကြာခင် တွေ့ဆုံဆွေးနွေးဖို့ ရှိနေကြောင်းလည်း သတင်း တွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်း အဝေးကို ၁၆ ရက် နေ့အထိ ဆက်လက်ကျင်းပဖို့ ရှိနေပေမယ့် ဒီကနေ့မှာ ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေဟာ နေ့ခင်းမှာပဲ ပြီးပြတ် သွားပြီး မနက်ဖန်မှာ UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီက စိစစ် အတည်ပြုဖို့ ရှိနေပါတယ်။ ဒီလို အတည်ပြုပြီး ၁၆ ရက်နေ့မှာတော့ ပြည်ထောင်စုသဘောတူညီချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်မှာ ဖြစ်ပါတယ်။