သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မေလမှ ကျင်းပနိုင်မည်


၂၁ ရာစုပင်လုံညီလာခံအကြို နိုင်ငံတော်အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင် ဆန်းစု ကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ၊ ဒုတိယ အစည်းအဝေးကို လာမယ့် မေလထဲမှသာ ကျင်းပနိုင်လိမ့်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ပြောဆိုလိုက်ပါတယ်။ ဒီအတောအတွင်း NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ကြား ဆွေးနွေးမှုတွေပြေလည်မှုရသွားရင်တော့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်ရောက်လာနိုင် လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို မတ်လ ၁၁ ရက်က နေပြည်တော် NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနချုပ်ရုံးမှာကျင်းပခဲ့ပြီး ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ပြန်လည်ကျင်းပ နိုင်မယ့် ကာလကို ဆွေးနွေးခဲ့ကြတာပါ။

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ငန်းအားလပ်မယ့်ကာလကို ထည့်သွင်းစဉ်းစားပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မေလထဲ ကျင်းပသွားနိုင်ဖို့ လျာထားကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က VOA ကိုပြောပါတယ်။

"၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို အကြမ်းဖျင်း မေလဆန်းလောက် ပထမပတ်ထဲ ဖြစ်မလား၊ ဒုတိယပတ်ထဲ ဖြစ်မလားပေါ့ဗျာ။ အခု ဒီမတ်လ (၁၄)ဆိုရင် KNU ရဲ့ ညီလာခံ ရှိတာပေါ့လေ။ အဲဒီညီလာခံက အကြမ်းဖျင်း နှစ်ပတ်တို့ သုံးပတ်တို့ ကြာလောက်တယ်။ အဲဒါဆိုရင်တော့ ဧပြီလ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်ထဲ ရောက်သွားလိမ့်မယ်။ ပြီးရင် သင်္ကြန်ရောက်ပါလိမ့်မယ်။ အဲတော့ သင်္ကြန်ပြီးတော့ လုပ်ငန်းကော်မတီ အစည်းအဝေးတွေရှိအုံးမယ်။ အဲဒါဆိုရင် အစောဆုံး မေလ ပထမပတ် ဒုတိယပတ်ထဲမှာ ဖြစ်မလားပေါ့။"

UPDJC အစည်းအဝေးကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ၁၅ ဦး တက်ရောက်ခဲ့ပြီး သူတို့ရဲ့ဆွေးနွေးချက်တွေ ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာ ဦးဆောင်သူတွေထံ တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ သြဂုတ်လကုန်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာတော့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော၊ မထိုးရသေးတဲ့ အဖွဲ့တွေပါ တက်ရောက်နိုင်ခဲ့ပြီး အဖွဲ့အသီးသီးက သူတို့ရဲ နိုင်ငံရေးရပ်တည်ချက်နဲ့ အာသီသတွေကို စာတမ်း တင်သွင်းခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တချို့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲပြန်ဖြစ်လာပြီး၊ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်လိုရင် NCA လက်မှတ်ထိုးရမယ်လို့ တပ်မတော်ဖက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောတွင်း UNFC က တောင်းဆိုထားတဲ့ အခြေခံ ၉ ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN ခေါင်းဆောင်တွေ မတ်လ ၃ ရက်နေ့က မူအားဖြင့် သဘောတူညီမှုရခဲ့ပြီး၊ ၂၁ ပင်လုံညီလာခံ တက်ရောက်နိုင်ရေး ဆက်လက်ညှိနှိုင်း သွားဖို့ကိုလည်း သဘောတူညီခဲ့ကြတာပါ။ ဒီလို သဘောတူထားချက်ပေါ်မှာ အစိုးရနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြား ဘယ်လောက် အပေးအယူလုပ် ညှိနှိုင်းနိုင်မလဲဆိုတဲ့အပေါ် မူတည်ကြောင်း SNLD တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က သုံးသပ်ပါတယ်။

"ပြီးခဲ့တဲ့ပွဲမှာ အစိုးရနဲ့ DPN ဆွေးနွေးတဲ့အချိန်မှာ မူအားဖြင့်လက်ခံထားတယ်ပေါ့လေ။ ဒီအပေါ်မှာ ဒီထက် ဖြစ်ပေါ် တိုးတက်မှုရှိအောင် အစိုးရဘက်ကလည်း ဆက်လုပ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကောင်းကောင်း ညှိုနှိုင်းဆွေးနွေး ပြီးပြီဆိုရင်တော့ NCA လမ်းကြောင်းပေါ်မှာပဲ လျှောက်လှမ်းလာနိုင်ချေရှိနိုင်ပါတယ်။ ဒါကတော့ အစိုးရရဲ့ ပါးနပ်မှုနဲ့ အစိုးရရဲ့ ဆွေးနွေးနိုင်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်။"

NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ၂၁ ရာစုပင်လုံညီလာခံကို တက်ရေး မတက်ရေးဆိုတာက အစိုးရနဲ့ ညှိနှိုင်းတဲ့ကိစ္စမှာ အောင်မြင်မှု ဘယ်လောက် ရမလဲ ဆိုတဲ့အပေါ် မူတည်နေတယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာက မြင်ပါတယ်။

"ပြီးခဲ့တဲ့ အပတ်တုန်းကပေါ့နော်။ သူတို့ အဲဒီ (၉)ချက်ကို မူအရပဲသဘောတူညီမှုရတာပေါ့။ ဒါပေမဲ့ မူအရထဲမှာလည်း အတည်ဖြစ်မလား၊ အတည်မဖြစ်ဘူးလား ဆိုတဲ့ဟာကတော့ နှစ်ဘက်စလုံးပေါ်မှာ မူတည်နေတယ်။ နှစ်ဘက်စလုံးက လက်ခံနိုင်ကြမယ်ဆိုရင် NCA မှာ လက်မှတ်ထိုးဖြစ်မယ်ပေါ့။ တချို့ကိစ္စတွေကတော့ ကြားမှာ ထပ်ညှိုဖို့ လိုလိမ့်အုံးမယ်။"

၂၁ ရာစုပင်လုံညီလာခံကို ၆ လ တစ်ကြိမ် ကျင်းပဖို့ သတ်မှတ်ထားခဲ့ပြီး၊ ဒုတိယအကြိမ် ညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်မှာ အစောဆုံး ကျင်းပဖို့ UPDJC က မှန်းထားပေမယ့် NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမှု မပြီးပြတ် တာကြောင့် မတ်လလယ်မှာ ကျင်းပနိုင်ဖို့ ရွှေ့ဆိုင်းခဲ့ပေမယ့်လည်း အခုတခါ အခြားအကြောင်းတွေကြောင့် မေလထဲ ကျင်းပဖို့ ထပ်မံ ရွှေ့ဆိုင်းတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG