ရန်ကုန်မြို့က အပ်ချုပ်ဆိုင်တခုမှာ အလုပ်လုပ်နေတဲ့ အိမ်အကူမိန်းကလေးငယ် ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုအတွက် လိုက်ပါ ဆောင်ရွက်ရာမှာ ပျက်ကွက်မှုတွေရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတချို့ကို အစိုးရက အရေးယူပေးဖို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းခဲ့တာကို ဒီကနေ့မှာပဲ တခဲနက် အတည်ပြု လိုက်ပါတယ်။ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်ဖြေရှင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အရေးကြီးအဆိုကို အတည်ပြုလိုက်တာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က အင်းဝအပ်ချုပ်ဆိုင်မှာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေးငယ် ၂ ယောက်ရဲ့ အခွင့်အရေးကို အကာအကွယ်မပေးဘဲ၊ နစ်နာကြေးပေး ကျေအေးဖို့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတချို့ကို ပြည်ထောင်စု အစိုးရက အရေးယူဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုတရပ်ကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တင်သွင်းထားတဲ့ အရေးကြီး အဆိုကိုတော့ ပြည်သူ့လွှတ်တော် တက်ရောက်လာသူ အများစုက ထောက်ခံခဲ့တဲ့အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကကြေညာခဲ့တာပါ။
“ရရှိတဲ့ဆန္ဒမဲစာရင်းကိုကြေညာပါ့မယ်။ ထောက်ခံဆန္ဒမဲပေါင်း ၃၇၄ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁ မဲ၊ ကြားနေဆန္ဒမဲပေါင်း ၈ မဲဖြစ်ပါတယ်။လွတ်တော်ကိုယ်စားလှယ်များခင်ဗျ ထောက်ခံတဲ့ကိုယ်စားလှယ် ဦးရေက များတဲ့အတွက် ဦးဌေးဝင်းအောင်တင်သွင်းတဲ့အရေးကြီးအဆိုကို လွှတ်တော်ကအတည်ပြုကြောင်း ကြေညာပါတယ်။”
ပြည်သ့ူလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုတာတွေ မလုပ်ခင်မှာပဲ အရေးကြီးအဆိုနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေကိုလည်း ဖြေရှင်းခွင့် ပေးခဲ့တာပါ။ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်ဝင်း ကတော့ အစောပိုင်းမှာ ဖြေရှင်းခဲ့သလိုပဲ၊ အမှုကိုကိုင်တွယ်ဖြေရှင်းရာမှာ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တာသာ ဖြစ်တဲ့အကြောင်း လွှတ်တော်မှာ ထပ်မံကာကွယ်ပြောဆို သွားပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဦးစွာဆောင်ရွက်ချက်မှာ သက်ဆိုင်ရာဌာနက လိုအပ်သလိုဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယအနေနှင့်ဆောင်ရွက်သည့်အချက်မှာ နစ်နာမှုများအား ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ။”
အိမ်အကူ မိန်းကလေးငယ် ၂ ယောက်ကို ကိုယ်လက်အင်္ဂါချို့တဲ့အထိ ညှင်းပမ်းနှိပ်စက်ခဲ့တာ၊ လုပ်ခလစာ မပေးဘဲ ခိုင်းစေတာ၊ မတရားချုပ်နှောင် ထိန်းသိမ်းထားတာလို လုပ်ရပ်မျိုးတွေ ရှိခဲ့ပေမဲ့ လူ့အခွင့်အရေး ကော်မရှင်က၊ ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့ မကြိုးပမ်းခဲ့ဘူး ဆိုပြီးတော့လည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာတွေ မလုပ်ခင် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတာပါ။ တပ်မတော်သား ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှူး အောင်ဇင်မင်း ကလည်း ကော်မရှင်အနေနဲ့ တာဝန်မကျေခဲ့ဘူးလို့ အရေးကြီး အဆိုကို ထောက်ခံဆွေးနွေးသွားပါတယ်။
“ကော်မရှင်မှ အဖွဲ့ဝင်တချို့သည် ဥပဒေကြောင်းအရ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများသက်သာခွင့်ရအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်သဘောသက်ရောက်ကာ လုပ်ရမယ့် လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ခြင်းမပြုပဲ မိမိတို့ကော်မရှင်၏ ရည်ရွယ်ချက်၊ တာဝန်ဝတ္တရားများအပေါ် ပျက်ကွက်မှုရှိသည့်အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရှိရပါတယ်။”
ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ် ၂ ယောက် ညှင်းပမ်းနှိပ်စက်ခံရတဲ့အကြောင်း Myanmar Now သတင်းဌာနက သတင်းထောက်ချုပ် ဦးဆွေဝင်း ကစုံစမ်းဖော်ထုတ်ခဲ့ပေမဲ့ နစ်နာကြေး သိန်း ၅၀ ပေး ကျေအေးခဲ့တဲ့ သတင်းဟာ အင်တာနက် လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ရာက လူထုကြား မကျေနပ်သံတွေ ထွက်ပေါ်ခဲ့တာပါ။ လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပေမဲ့လည်း မကျေနပ်ချက်တွေသာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ဒီအတွက်လည်း ကော်မရှင် တာဝန်ရှိသူတွေကို အရေးယူဖို့ ဒါမှမဟုတ် တာဝန်ကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်ခဲ့ရတာပါ။
ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်း ကတော့ အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ကြိုးပမ်းနေချိန် ဒီလိုလုပ်ရပ်မျိုးတွေကို လက်ခံထားလို့ မဖြစ်နိုင်ဘူးလို့ လွှတ်တော်မှာ တင်ပြသွားပါတယ်။
“နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ရဲ့ဆောင်ရွက်ချက် ဂုဏ်သတင်းတွေနဲ့ ကမ္ဘာ့အလယ်မှာ ကျနော်တို့နိုင်ငံလက်ရှိအနေအထားဟာ ဂုဏ်တက်ပြီးတော့ မြင့်မားနေတဲ့အခြေအနေဖြစ်တဲ့အချိန်မှာ အခုကော်မရှင်အဖွဲ့ဝင်တချို့ ဆောင်ရွက်ချက်များကတော့ လူ့အခွင့်အရေးကို ပြက်ရယ် ပြုရာရောက်ပြီးတော့ မြန်မာ့လူ့အဖွဲ့အစည်းတရပ်လုံးကို ကမ္ဘာ့အလယ်မှာ အရှက်ရ၊ သိက္ခာကျစေတဲ့ အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်နိုင်ငံတော်၊ နိုင်ငံသားများရဲ့ အကျိုးစီးပွားကိုထောက်ထားပြီး စာနာစိတ်၊ စောင့်စည်းမှု ၊ ဆင်ခြင်တုံတရားအားကောင်းပြည့်ဝသူများနဲ့ အမြန်အစားထိုးလဲလည်ဖို့ကိုလည်း ပြည်သူအများက ဆန္ဒပြုနေကြပြီဖြစ်ပါတယ်။”
အရေးကြီးအဆိုနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးရာမှာတော့ အမျိုးသား ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့၊ ဒီလိုဖွဲ့စည်းရာမှာလည်း လူ့အခွင့်အရေး ကိစ္စတွေကို အလေးအနက်ထားသူတွေ၊ ကျွမ်းကျင်နားလည်သူတွေကို ထည့်သွင်းဖို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းခဲ့ကြပါတယ်။