ဂျပန်နိုင်ငံ တိုကျိူမြို့က Haneda နိုင်ငံတကာလေဆိပ်မှာ ပြေးလမ်းပေါ်သွားနေတဲ့ လေယာဉ် ၂ စီးတိုက်မိခဲ့လို့ လေယာဉ်ပြေးလမ်းတခုကို ယာယီပိတ်ခဲ့ရပါတယ်။ ဘန်ကောက်ကိုသွားမယ့် Thai Airways International လေကြောင်းလိုင်းက လေယာဉ်နဲ့ ထိုင်ပေကိုသွားမယ့် Eva Airways လေကြောင်းလိုင်းက လေယာဉ်တို့ ပြေးလမ်းမှာ တိုက်မိခဲ့တာမှာ ထိုင်းလေယာဉ် အတောင်ပံ ထိပ်ဖျားလေး နည်းနည်း ထိခိုက်ခဲ့တာကလွဲလို့ တဦးတယောက်မှာ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။
လေယာဉ်ပျံတက်ဖို့ ပြေးလမ်းမှာ စောင့်နေစဉ် တိုက်မိခဲ့တာဖြစ်တယ်လို့ ခရီးသည်တချို့ရဲ့ ပြောကြားချက်တွေကို ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။ လေယာဉ် ၂ စီးတိုက်မိချိန် ထိုင်းလေယာဉ်ပေါ်မှာ ခရီးသည် ၂၆၀ ရှိပြီး ထိုင်ဝမ်လေယာဉ်ပေါ်မှာ ခရီးသည် ၂၀၀ လောက်ပါတယ်လို့ ဂျပန်ခရီးသွားဝန်ကြီးဌာနရဲ့ အပြောကို ကိုးကားပြီး Kyodo သတင်းက ဖော်ပြပါတယ်။
လေယာဉ် ၂ စီးတိုက်မိလိုက်ခဲ့ပြီးနောက် လေယာဉ်ကွင်းမှာ ရှိတဲ့ ပြေးလမ်း ၄ လမ်းခုထဲက ၁ ခုကို ၂ နာရီလောက် ယာယီပိတ်ခဲ့ရပါတယ်။