သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီက စစ်ဆင်လှုပ်ရှားမှုရပ်စဲခြင်း ၅ လ တိုး၊ PNLO ကြိုဆို


စစ်ကောင်စီမှ တနိုင်ငံလုံးအပစ်ရပ်စဲကြောင်း ကြေညာခြင်း။
စစ်ကောင်စီမှ တနိုင်ငံလုံးအပစ်ရပ်စဲကြောင်း ကြေညာခြင်း။

Zawgyi/Unicode

မြန်မာစစ်ကောင်စီဘက်က တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးလှုပ်ရှားမှုတွေကို နောက်ထပ် ငါးလ ထပ်မံတိုးမြှင့်ကြေညာတဲ့အပေါ် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ကြိုဆိုလိုက်ပြီး တဆက်တည်းမှာပဲ NCA လိုက်နာဖို့ လိုအပ်ကြောင်း ထောက်ပြလိုက်ပါတယ်။ NCA ကို လက်မှတ် မရေးထိုးသေးတဲ့ KIA ကတော့ ထူးခြားမှုရှိမယ် လို့ မမြင်ကြောင်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာ ကိုသားညွန့်ဦးပြောပြပါမယ်။

“အပစ်ရပ်စဲရေး ကြေညာတာ ကောင်းပါတယ်။ သို့သော်လည်း အဓိပါ္ပယ်ပြည့်ဝ လေးနက်ဖို့တော့ လိုပါတယ်။...NCA မှာ “အရပ်သားများကို အကာအကွယ်ပေးခြင်း” ဆိုတာ အဓိက ပါပါတယ်။ အရပ်သားများကို အကာအကွယ်ပေးခြင်းမှာက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပါမယ်လို့ နှစ်ဘက်စလုံးကနေ သဘောတူညီထားတာဖြစ်ပါတယ်။” ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO



၅ လတာ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ဒီလ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ပြီး လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ် တွေမှအပစစ်ရေးလှုပ်ရှားမှုအားလုံးကို ၅ လကြာတိုးမြှင့်ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
ဒီလို ကြေညာလိုက်တဲ့အပေါ် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ကြိုဆိုကြောင်း အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက VOA ကို အခုလို ပြောပါတယ်။
“ဒီလို အပစ်အခတ်ရပ်စဲရေးကို ကြေညာကြတာဟာ ကောင်းပါတယ်။ သို့သော်လည်း အပစ်အခတ်ရပ်စဲရေးကို ကြေညာကြတဲ့အခါမှာ အဓိပါ္ပယ်ပြည့်ဝ လေးနက်ဖို့တော့ လိုပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ကြေညာတဲ့အခါမှာ ခြွင်းချက်မထားဘဲနဲ့ ခြွင်းချက်မရှိ တပြည်လုံးအပစ်အခတ်ရပ်စဲရေးမျိုးကို ကြေညာနိုင်ရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။”
ဒီလို အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ အချက်တွေကို လိုက်နာဖို့ လိုအပ်ကြောင်းလည်းထောက်ပြပါတယ်။
“NCA မှာ အဓိက ပါတာကတော့ “အရပ်သားများကို အကာအကွယ်ပေးခြင်း” ဆိုတာ အဓိက ပါပါတယ်။ အဲဒီ အရပ်သားများကို အကာအကွယ်ပေးခြင်းမှာက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျနော်တို့ ကာကွယ် စောင့်ရှောက်ပါမယ်လို့ နှစ်ဘက်စလုံးကနေ သဘောတူညီထားတာဖြစ်ပါတယ်။ ပထမဆုံးအချက် ကတော့ ဒီကနေ့ ကျနော်တို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ကြေညာယုံမဟုတ်ဘဲနဲ့ ပထမဆုံး အနေနဲ့က ဒီကနေ့ တပြည်လုံးမှာပေါ့နော်၊ စစ်ကောင်စီတပ်တွေကနေပြီးတော့မှ ပြည်သူလူထုအပေါ်မှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်နေတာတွေ၊ သတ်ဖြတ်နေတာတွေကို အရင်ဆုံးရပ်တန့်ဖို့ လိုပါတယ်။ ဒါဟာ NCA အရ ကျနော်တို့ ပြောတာဖြစ်ပါတယ်။”
တဆက်တည်းမှာပဲ PNLO ထိန်းချုပ်နယ်မြေအတွင်းမှာ NCA ချိုးဖောက်မှုတွေ ရှိနေတယ်လို့လည်း ခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။
“ဒီစစ်ကောင်စီတပ်တွေက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ အခြေပြုဒေသတွေကို ဝင်လာတဲ့အခါမှာ ကျနော်တို့ဘက်ကို အသိပေးခြင်း၊ အကြောင်းကြားခြင်း မလုပ် ဘူး။ နောက် ဝင်ရောက်လာပြီးတော့ ကျနောတို့ မိုင်ဟိုင်းတို့၊ ဗန်းမတ်တို့ ရွာတွေမှာ အိမ်တွေမှာ တအိမ်တက်ဆင်း မွှေနှောက်ရှာဖွေတာတွေ လုပ်တယ်။ နောက် တခါ- ဗန်းမတ်ဘုန်းကြီးကျောင်းမှာ သူတို့ တပ်စွဲထားပါတယ်။ ဒါ ကျနော်တို့ NCA ရဲ့ ပြဌာန်းချက်မှာ ဒီလို ဘာသာရေးအဆောက်အဦမှာ၊ အများပြည်သူရဲ့ နေရာဒေသတွေမှာ တပ်စွဲခွင့်မရှိပါဘူး။ အခုကတော့ စစ်ကောင်စီတပ်တွေက ရောက်ရှိလာမှုနဲ့ အခြေအနေတွေ ပုံသဏ္ဍာန်တွေက NCA ကို ဆန့်ကျင်ပြီးတော့ ဝင်ရောက်လာတာဖြစ်ပြီးတော့ NCA ချိုးဖောက်ပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။”
စစ်ကောင်စီတပ်တွေဟာ ဒီလ ၂၄ ရက်နေ့က ကဒူးကြီး၊ မောင်မယ်ဒေသကို ဝင်ရောက်လာတာလို့ ပြောပါ တယ်။
NCA စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဗဟိုကော်မတီက ဆုံးဖြတ်တာမရှိသေးကြောင်း ပြောပါတယ်။
အရင်က အပစ်ရပ်ထုတ်ပြန်ချက်တွေအပေါ် သုံးသပ်ရင်တော့ တစုံတရာ ထူးခြား မှု ရှိနိုင်မယ်လို့ မမြင်ကြောင်း အခုလို ပြောပါတယ်။
“ကျနော်တဦးတယောက်ရဲ့ အမြင်နဲ့ပြောရမယ်ဆိုရင် သိပ်ပြီးတော့ ထူးခြားမယ်တော့ မမြင်ပါဘူး။ အရင်ကလည်း တလမှာ တကြိမ် ထုတ်ပြန်တာ။ ထုတ်ပြန်ပြီးမှ ထိုးစစ်ဆင်တာတွေကတော့ လုပ်နေတာ။ ထိုးစစ်ဆင်ရေးမလုပ်ရင်လည်းပဲ သူတို့က တပ်အင်အားတွေ ဖြည့်ထားတာတွေ၊ တိုးထားတာတွေ၊ စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်ထားတာတွေကတော့ ကျနော်တို့ အမြဲတမ်းတွေ့နေကျ ဖြစ်ပါတယ်။ အခုလည်းပဲ သူက ထုတ်ပြန်ကြေညာချက် လုပ်ထားပြီးမှ စစ်ရေးပြင်ဆင်တဲ့ လုပ်ရပ်တွေကတော့ ရပ်သွားမယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒါကြောင့် သိပ်ပြီးမှ ထူးခြားမယ်လို့တော့ ကျနော် မထင်ပါဘူးခင်ဗျ။”
ဒီကနေ့မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသဘက်တွေမှာ တိုက်ပွဲဖြစ်တဲ့သတင်း မရရှိသေးကြောင်း လည်း ပြောပါတယ်။
အခြားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KNU ကရင်၊ RCSS ရှမ်းနဲ့TNLA တအန်း(ပလောင်) အဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။
စစ်ကောင်စီရဲ့ ကြေညာချက်မှာတော့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လတာ အပစ်အခတ်ရပ်စဲတာဟာ လာမယ့်နှစ်မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုတာ၊ Covid 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ထိရောက်ဖို့ရည်ရွယ်တာနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်တာလို့ ဖော်ပြထားပါတယ်။
နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ထိပါးမှုမရှိရင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်းနဲ့ အပစ်ရပ်ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ် ၂၁ ရက်နေ့ကနေ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး ၂ နှစ်နဲ့ ၉ လကျော် ထာဝရ ငြိမ်းချမ်းရေးအတွက် တည်ဆောက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

======

Unicode




XS
SM
MD
LG