သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေပိုင်ဆိုင်မှုအတွက် ပအိုဝ်နဲ့ ရှမ်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်


နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားကြတဲ့ ပအိုဝ်းနဲ့ ရှမ်းတပ်ဖွဲ့တွေအကြားမှာ ဒီကနေ့မနက်က တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား ပထမဆုံးဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်သလို တိုက်ပွဲအတွင်းမှာတော့ ထိခိုက်ကျဆုံးတာ မရှိကြောင်းနဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုလားကြောင်း ၂ ဘက်လုံးက ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအကြားမှာ ပြီးခဲ့တဲ့လဆန်းပိုင်းတည်းက စတင်ပြီး နယ်မြေစိုးမိုးမှုန ပတ်သက်လို့ သဘောထားကွဲလွဲခဲ့ရာက ဒီကနေ့မနက်မှာတော့ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဆက်ဆံရေးရုံးတာဝန်ခံ ဦးခွန်မင်းသိန်းက အခုလို ပြောပါတယ်။
“တိုက်ပွဲဖြစ်ပွားတာက သူတို့က ကျနော်တို့ ဒီနေရာကနေပြီးတော့ ဖယ်ရှားဖို့ပေါ့ လာပြီးတော့ သူတို့ဥက္ကဌကြီးကိုယ်တိုင်ကပဲ စာနဲ့ဘာနဲ့ ပေးလာတာရှိတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းက ပေးလာတဲ့စာတွေ ရှိပါတယ်။ ကျနော်တို့ကလည်း မဖယ်တော့ သူတို့တက်လာတော့ ကျနော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်တဲ့ သဘောပါပဲ။”

၆ နာရီကနေ ၈ နာရီအထိ ဖြစ်ပွားတဲ့ ဒီတိုက်ပွဲအတွင်းမှာ PNLO ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းရဲ့ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယောဆတ်က PNLO ဥက္ကဌဆီကို စာပေးပို့ခဲ့ပါတယ်။ အဲဒီစာမှာတော့ ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကာလက ပအိုဝ်းတပ်ဖွဲ့နဲ့ ရှမ်းတပ်ဖွဲ့တွေဟာ အေးအတူ ပူအမျှ နေခဲ့ကြကြောင်း၊ အခုအခါမှာ PNLO က အစိုးရနဲ့ အပစ်ရပ်ခဲ့သလို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုလည်း အစိုးရက သတ်မှတ်ပေးထားပြီး ဖြစ်တာကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းရဲ့ အုပ်ချုပ်ရေးနယ်မြေအတွင်းက ဆုတ်ခွာပေးဖို့ အကြောင်းကြားကြောင်း ပါရှိပါတယ်။
PNLO ကတော့ စာကို အကြောင်းပြန်ကြားတာမရှိဘဲ နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ အခုလို တိုက်ပွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။

လတ်တလော နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြား ပဋိပက္ခဖြစ်ပွားတာကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုလားကြောင်း PNLO ရဲ့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးခွန်မင်းသိန်းက ပြောပါတယ်။
“ကျနော်တို့မျှော်လင့်တာက နှစ်ဦးနှစ်ဘက်အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ အမြဲတမ်း ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်းပဲ သူတို့အဖွဲ့နဲ့ တွေ့ဆုံဖို့ မျှော်လင့်တာပေါ့လေ။”

PNLO အဖွဲ့ဟာ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးတဲ့နောက် မောက်မယ်မြို့နယ် ကတူးကြီးဒေသမှာ အခြေစိုက်ဖို့ အစိုးရက သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာ PNLO က အိမ်ယာစီမံကိန်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဲ့ဒီဒေသမှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်းက အပစ်မရပ်ခင်က လှုပ်ရှားနယ်မြေသတ်မှတ်တာနဲ့ မောက်မယ်ဒေသ စိုးမိုးခဲ့တဲ့အခြေအနေကို အခုလို ပြောပါတယ်။
“ကျနော်တို့ သဘောတူညီထားတာက ဟိုပုန်းတို့ ဆီဆိုင် ပေါ့။ အဲ့ဘက်က သူတို့နယ်မြေပေါ့ဗျာ။ ဒီဘက်က မောက်မယ်ကျတော့ ၂၀၀၇ ခုနှစ်တုန်းက ဒီဘက်ကလည်း လက်နက်ချသွားတယ်၊ ပြည်သူ့စစ်လုပ်တယ်ဆိုတော့ အဲ့ဒီအချိန်ကျမှ ကျနော်တို့ ဝင်သွားတာပေါ့ဗျာ အခုကတော့။ သူတို့ပြောနေတဲ့နယ်မြေဆိုတာက ကျနော်တို့ နယ်မြေပါ၊ အခုလက်ရှိက။ ဒါပေမဲ့ ဒီ UPWC နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အချိန်ကျတော့ သူတို့ပြန်တောင်းတာပေါ့။ အဲ့ဒီ UPWC ဦးအောင်မင်းတို့ကလည်း သူတို့ကို ချပေးတယ်။ ဒါပေမဲ့ ကျနော်တို့ကို ဘာမှ အကြောင်းကြားခြင်း မရှိခဲ့ပါဘူး။ ဒီကြားထဲမှာကျတော့ ကျနော်တို့ နားလည်မှုယူထားတာက ကျနော်တို့ နယ်မြေထဲ ဝင်လာရင် အကြောင်းကြားပါ။ လှုပ်ရှားတဲ့အခါမှာလည်း အတူတူ လှုပ်ရှားမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အခုနောက်ပိုင်းကျတော့ ဒီလိုမဟုတ်ဘဲနဲ့ ကျနော်တို့ နယ်မြေထဲကို သူတို့ စစ်စခန်းလာဆောက်တယ်၊ နောက် တခြား လူထုတွေကိုလည်း အခွန်တွေ လာကောက်တယ်ဆိုတော့ ပြဿနာက တဖြေးဖြေးနဲ့ ကြီးလာတာပေါ့။”

PNLO အဖွဲ့ကို မောက်မယ်ဒေသက ဆုတ်ခွာဖို့ အကြောင်းကြားထားပေမဲ့ ဒီကိစ္စကို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ မရှိကြောင်းလည်း ဒုဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
“စစ်ရေးနဲ့ ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ ဌာနချုပ်ဗဟိုမှာ ပေါ်လစီမရှိပါဘူး။ ကျနော်တို့က ဒီကိစ္စကို အေးအေးချမ်းချမ်းနဲ့ပဲ ဖြေရှင်းချင်ပါတယ်။ အခုဖြစ်တာက အောက်ခြေပိုင်းက အစီရင်ခံစာ အတိုင်းဆိုရင်တော့ နီးကပ်နေလွန်းအားကြီးတော့ ဖြစ်သွားတဲ့သဘောပါ။”
ဒီမနက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း သူတို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိကြောင်းလည်း ဒုဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

RCSS/SSA တောင်ပိုင်းနဲ့ တိုက်ပွဲဖြစ်ပြီးနောက်မှာ PNLO က နယ်မြေကိစ္စကို ပါဝင်ဖြေရှင်းဖို့ မြန်မာငြိမ်းချမ်းရေးစင်တာကတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဆီကို အကြောင်းကြားထားပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ ဒီကိစ္စကို ဆက်လက် တင်ပြထားပြီးဖြစ်ကြောင်း ပြောပါတယ်။
“သူတို့မနက်ကတော့ ကျနော်တို့ကို ဖုန်းဆက်ပါတယ်။ သူတို့ပြောတာတော့ မှတ်တမ်းယူတယ်ပေါ့နော်။ ယူပြီးတော့ ဝန်ကြီးဦးအောင်မင်းတို့ ရုံးကိုတော့ ကျနော်တို့ ပို့ထားပေးပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့ အနေနဲ့ ဒီပဋိပက္ခကို စားပွဲဝိုင်းမှာပဲ ပြေလည်လိမ့်မယ်လို့တော့ ထင်ပါတယ်။”

လက်ရှိ ရှမ်းတပ်ဖွဲ့နဲ့ ပအိုဝ်းတပ်ဖွဲ့အကြား ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်တချို့နဲ့ အစိုးရတပ်အကြား တပ်နေရာချထားမှု၊ နယ်မြေစိုးမိုးမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမဲ့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ တိုက်ပွဲတွေကို လုံးဝနီးပါးအထိ လျှော့ချနိုင်ခဲ့ကြပါတယ်။

XS
SM
MD
LG