သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင်တိုက်ဖျက်ရေး သွေးမကွဲဖို့ ပအို၀်းခေါင်းဆောင် ခွန်မြင့်ထွန်း တိုက်တွန်း


၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ကို PNFC က ကြီးမှုးပြီး အင်တာနက်အွန်လိုင်း Zoom ကနေ ကျင်းပ (Photo: PNFC Facebook)
၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ကို PNFC က ကြီးမှုးပြီး အင်တာနက်အွန်လိုင်း Zoom ကနေ ကျင်းပ (Photo: PNFC Facebook)

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ကို ပအိုင်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က ကြီးမှုးပြီး အင်တာနက်အွန်လိုင်း Zoom ကနေ ကျင်းပခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲမှာ လူထုဆန္ဒနဲ့အညီ ရပ်တည်ဖို့နဲ့ ပအို၀်းတိုင်းရင်းသားတွေ ညီညွတ်ဖို့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ PNO / PNA ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကို PNFC ဥက္ကဌ ခွန်မြင့်ထွန်းက အခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

“ဒီနေ့မှာ ကျနော်တို့ အထူးပြုပြီး ပန့်ကြားချင်တာကတော့ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်တိုက်ဖျက်မယ်ဆိုတဲ့ မူကို အခြေခံပြီးတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/ PNA ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နာယကကြီး ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/ PNA အနေနဲ့ ဒီကနေ့ လူထု တော်လှန်ရေးမှာ မိမိတို့ နဂိုရ် ရည်မှန်းခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးအတွက်ကို ဒီနေ့ တော်လှန်ရေးမှာ ပအိုဝ်းပြည်သူတွေအပါအဝင် ပြည်သူလူထုတရပ်လုံးနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်တိုက်ပွဲဝင်ဖို့ ကျနော်တို့ ဒီနေရာကနေ တိုက်တွန်း တောင်းဆိုပါတယ်။”

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO / PNA ကို ဦးအောင်ခမ်းထီက ဦးဆောင်နေပြီး စစ်ကောင်စီရဲ့ ပြည်သူ့စစ်လက်အောက်ခံအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ပအို၀်းဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ PNA ခေါ် ပအိုဝ်း ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး PNLA ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်တွေကို တိုက်နေတာဖြစ်ပါတယ်။

အင်တာနက်အွန်လိုင်းကနေကျင်းပတဲ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ယာယီသမ္မတ ဒူးဝါးလရှီလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခူးဦးရယ် စတဲ့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေအပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေက အမှာစကား ပြောကြားခဲ့ကြပါတယ်။

စစ်ကောင်စီနဲ့ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဗိုလ်ချုပ် ခွန်သူရိန်ကတော့ NUG အနေနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံချက်ပေးဖို့ တိုက်တွန်းထားပါတယ်။

“ ကျနော်တို့ တိုင်းရင်းသားတွေရဲ့မူလ ရပိုင်ခွင့်တွေကို NUG ကနေပြီးတော့မှ ရဲရဲ ပေးမယ်ဆိုရင်တော့ ကျနော်တို့ တော်လှန်ရေးဟာ အချိန်တိုအတွင်းနဲ့ ပြီးမြောက်သွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်လို့ ကျနော် အထူး တိုက်တွန်းချင်တာပဲ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာတော့ PNLOခေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှာ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက စစ်ကောင်စီနဲ့ ဆွေးနွေးအဖြေရှာဖို့ကိုဆောင်ရွက်နေသလို ယခင်ဥက္ကဌဟောင်းနဲ့ ဗဟိုကော်မတီဖြစ်သူ ခွန်မြင့်ထွန်းက ပအိုင်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကောင်စီဥက္ကဌ အဖြစ် ဆောင်ရွက်နေပြီး PNLO လက်ရှိဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန်ကတော့ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေတာပါ။

ဦးအောင်ခမ်းထီ ခေါင်းဆောင်တဲ့ ပအိုင်းအမျိုးသားအဖွဲ့ချုပ် PNOကတော့ နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေ သလို PNA ပြည်သူ့စစ်အဖွဲ့ ကတော့ ပအိုဝ်းဒေသလုံခြုံရေးအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားနေ့ကိုတော့ ၁၉၄၈ခုနှစ် ဖဆပလ အစိုးရလက်ထက် မြေယာသိမ်းယူမှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် အမျိုးသားရေးကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပေါင်းလပြည့်နေ့ကို သတ်မှတ်ခဲ့ပြီး ၁၉၄၉ခုနှစ်ကနေ စတင်ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒီနှစ် Onlineက ကျင်းပတဲ့ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို တိုင်းရင်းသားခေါင်းဆောင်တွ ၊ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်နဲ့ စာနယ်ဇင်းသမား ၉၀ကျော်တက်ရောက်ခဲ့ပြီး PNFC ရဲ့ Facebook စာမျက်နှာမှာတော့ ကြည့်ရှုသူ ၁ န်း ၇ င်းလောက်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG