သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဗျာဆရာလှသန်း ကွယ်လွန်


ကဗျာဆရာလှသန်း ကွယ်လွန်
ကဗျာဆရာလှသန်း ကွယ်လွန်

မြန်မာအာဏာပိုင်တွေရဲ့ ဖိနှိပ်ကန့်သတ်မှု အမျိုးမျိုးကြားကနေ ပြည်သူတွေရဲ့ခံစားချက် အခြေအနေမှန်တွေကို ကဗျာကနေတဆင့် ဖော်ထုတ်ပြသခဲ့တဲ့ ကဗျာဆရာ လှသန်း ကျောက်ကပ်ရောဂါနဲ့ မနေ့ညကပဲ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်ရှိပါပြီ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို စစ်အစိုးရ လိုလားသူတွေက ဒီပဲယင်းဒေသမှာ အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ အဖြစ်အပျက်ကိုလည်း ကဗျာဆရာ လှသန်းက ဒီပရင်္ဂ ဆိုတဲ့ကဗျာနဲ့ ပရိတ်သတ်တွေဆီရောက်အောင် ပါးပါးနပ်နပ်နဲ့ တင်ဆက်နိုင်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်တဲ့ ကဗျာဆရာ လှသန်းအကြောင်း သူနဲ့ရင်းနှီးတဲ့သူတွေကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ ကဗျာဆရာလှသန်းဟာ ကွယ်လွန်ခဲ့တဲ့အချိန်အထိ လှသန်းဆိုတဲ့နံမည်နဲ့ စာရေးသားခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ကြည်မောင်သန်း၊ မောင်သီးသန့် စတဲ့နံမည်တွေနဲ့ ကဗျာတွေကိုဆက်ပြီး ဖန်တီးခဲ့တဲ့သူပါ။ သူဟာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို သဘာဝရှိပြီး သူ့ကဗျာတွေကလည်း အဆိပ်ပြင်းလှတယ်လို့ သူနဲ့ခေတ်ပြိုင် မော်ဒန်ကဗျာတွေကို ရေးသားခဲ့တဲ့ ကဗျာဆရာ ခင်အောင်အေးက မှတ်ချက်ချပါတယ်။

“မြန်မာပြည်မှာ ကိုယ်တွေ့ဖူးတဲ့ ကဗျာဆရာတွေထဲမှာတော့ ပြင်းထန်တဲ့စရိုက်ရှိတဲ့ ကဗျာဆရာ။ သူ တခုခုပြောပြီဆိုရင် တော်တော်ပြင်းပြင်းထန်ထန် ပြောတတ်တဲ့ကဗျာ ဆရာတစ်ယောက်ပေါ့။ ကျနော်တို့ကတော့ သူ့ကို ပါးစပ်ကြီးတစ်လုံးနဲ့ အသားပဲ့အောင် ပြောနိုင်တဲ့အကောင်ပေါ့။ အဲဒီလို သတ်မှတ်ပြီးတော့ သူ့ရဲ့စရိုက်သဘာ၀ ကတော့ တကယ့်ကိုပြင်းထန်တဲ့၊ အဆိပ်ပြင်းတဲ့ မြွေဟောက် မြွေပွေးတစ်ကောင်လို ပြင်းထန်တဲ့စရိုက်က ကဗျာတွေမှာ ထင်ဟပ်နေပြီးတော့ သူ့ကဗျာတွေက မြွေပွေး မြွေဟောက်တွေလို အဆိပ်ပြင်းတဲ့ကဗျာတွေလို့ ပြောချင်ပါတယ်။”

ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ ပန်းချီထိန်လင်းကလည်း ကဗျာဆရာလှသန်းနဲ့ ရင်းနှီးသူတစ်ဦးပါ။ ကဗျာဆရာလှသန်းရဲ့ အနုပညာနဲ့နိုင်ငံရေး အဆက်အစပ်တချို့ကို ကိုထိန်လင်းက ရှင်းပြပါတယ်။

“ကိုလှသန်းဟာ သူ့ကဗျာတွေမှာလည်း သူ့ရဲ့နိုင်ငံရေးခံယူချက်တွေကို အထင်းသားကြီး တွေ့ရတယ်။ နောက်တစ်ခုက သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုထဲမှာလည်း သူက ကဗျာဆရာတွေနဲ့ရော သူ့ကဗျာတွေကိုလည်း ထည့်ဝင်ပြီးတော့ သူကိုယ်တိုင်ရော ပတ်သက်ခဲ့တာ အထင်အရှားပါပဲ။ သူ့သမိုင်းကြောင်းက အဲဒီလိုဟာမျိုးတွေ ကောင်းတယ်။ အထူးသဖြင့် NLD လူငယ်အဖွဲ့လုပ်တဲ့ ကဗျာစာအုပ်မှာ သူ့ရဲ့ကဗျာတွေ ပါဝင်ခွင့်ပေးပြီးတော့ ဖော်ပြခဲ့တဲ့အတွက် လှသန်းဆိုတဲ့ သူ့ကလောင် အပိတ်ခံရတယ်ပေါ့ဗျာ။ ဒါကတော့ အားလုံးသိတဲ့အတိုင်း။ အဲဒီလို အပိတ်ခံရတဲ့အချိန်မှာ နောက်မဆုတ်ဘဲနဲ့ အဲဒီကာလအတွင်းထဲမှာ ကဗျာ ၁၆ ပုဒ်ကို ကိုယ့်ဟာကိုယ် လက်မရွံ့ ကဗျာဆရာဆိုပြီးတော့ သူ့ဟာသူ လက်ရေးနဲ့ရေးပြီးတော့၊ အဲဒါတွေကို ကော်ပီကူးစက်နဲ့ကူးပြီးတော့ မြေအောက်ကဗျာတွေအနေနဲ့ ထုတ်ဝေပစ်တာ။ အဲဒါဟာက မြန်မာခေတ်ပေါ် ကဗျာသမိုင်းမှာ တော်တော်ကို ဂယက်ရိုက်သွားတယ်။ လက်မရွံ့ကဗျာဆရာ ဆိုပြီးထွက်လာတယ်။ ကျနော်မှတ်မိတဲ့ စာသားတချို့ဆိုရင် ဈေးကွက်စီးပွားရေးခေတ် ရောက်ခါမှ ပဲပြုတ်နဲ့လည်း ဝေးခဲ့ရ၊ ပဲပင်ပေါက်နဲ့လည်း ဝေးခဲ့ရ၊ နောက်ဆုံး ဈေးနဲ့ပါ ဝေးခဲ့ရပါပြီ ဆိုတဲ့စာသားမျို။ အဲဒါဟာ ခေတ်ကို အနက်ရှိုင်းဆုံး မျက်စောင်းထိုးပြတာ။”

ကဗျာ ဆရာလှသန်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးပါ။ အကျဉ်းကျခံနေရတုန်း တခြား နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓါတ်မကျအောင် အားပေးတတ်တဲ့သူ၊ အကျဉ်းထောင်ပစ္စည်းတွေပေါ်မှာပါ ကဗျာတွေကို ရေးနေတတ်တဲ့သူလို့ အခုဂျပန်နိုင်ငံမှာရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖုန်းမြင့်ထွန်းက ရှင်းပြပါတယ်။

“ကျနော် ထောင်ထဲမှာရောက်နေတဲ့အချိန်မှာ ကိုလှသန်းရယ်။ သူ့အစ်ကို ကိုနိုးရယ်၊ နောက်ပြီး ကိုနိုင်နိုင် ဆိုတဲ့ သူတို့အမှုတွဲ သုံးယောက်က ၁၇/၁ ဆိုတဲ့ ကျနော်တို့နဲ့ ဆက်သွယ်တဲ့အမှုနဲ့ သူတို့ညီအစ်ကို နှစ်ယောက်က ၂ နှစ်စီနဲ့ထောင်ကျပြီး ကျနော်တို့အခန်းထဲကို ရောက်လာတယ်။ တောက်လျှောက် သူက ထောင်ကလွတ်တဲ့အထိ ကျနော်နဲ့ တခန်းတည်းနေသွားပါတယ်။ နိုင်ငံရေးခံယူချက်စိတ်ကို သူက ဘယ်တော့မှမလျှော့ဘူး။ ခံယူချက်နဲ့ပတ်သက်လာရင် သူ ဘယ်တော့မှမလျှော့ဘူး။ နောက်ပြီးတော့ ထောင်မှာရှိတဲ့ဝန်ထမ်းတွေကို သူ ဘယ်တော့မှာ အောက်ကျို့ပြီး မဆက်ဆံဘူး။ ရဲဘော်ရဲဘက်ချင်း ကူညီတယ်။ သူက ပျော်ပျော်နေတတ်တယ်။ ထောင်ထဲမှာ ဘယ်လောက်ပဲ ကျဉ်းကျပ်တယ်ပြောပြော စိတ်ဓါတ်တွေမကျအောင် သူက အမြဲတမ်းပဲ နောက်ပြောင်ပြီး ပျော်ရွှင်ပြီး နေနေတဲ့လူသားတစ်ယောက် ဖြစ်တယ်။ နောက်ပြီး ကဗျာတွေကို သူက သောက်ရေအိုးအဖုံးတို့၊ ထမင်းစားပန်းကန်တို့မှာပါ သူက ကဗျာတိုကဗျာစလေးတွေ ရေးတာကို ကျနော် တွေ့ရတယ်။ သူနဲ့တွေ့တော့မှပဲ ကဗျာခံစားမှုတွေကို ကျနော် နားလည်လာတယ်။ နောက်ပြီးတော့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံတဲ့ ညီအစ်ကို ဆက်ဆံမှုမျိုး တွေကိုလည်း ကျနော်တို့ကို ပေးခဲ့တယ်။ ဘာကြီးပဲဖြစ်နေဖြစ်နေ ထောင်ထဲမှာ သူ့ရဲ့ ကျောက်ကပ်ရောဂါ ဖြစ်တယ်၊ ဝမ်းကိုက်ရောဂါပိုးဖြစ်တယ်။ ဒါပေမဲ့ သူ စိတ်ဓါတ်မကျဘူး။ ပျော်ပျော်ပဲနေတယ်။ အိမ်သာသွားလည်း သူ အဲဒါမျိုး ဝမ်းတွေသွားနေတဲ့အချိန်လည်း သူ ပျော်ပျော်ပဲနေတာပဲ။ အဲဒါမျိုးပေါ့နော်။”

ကဗျာဆရာလှသန်း အခုလို အရွယ်ကောင်းတုန်းမှာ ကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာအရပါမက နိုင်ငံရေးအရပါ ဆုံးရှုံးလိုက်ရတယ် ဆိုပြီး သူ့ကို တန်ဖိုးထားကြသူတွေက ယူကြုံးမရ ဖြစ်နေကြပါတယ်။ ကဗျာဆရာ ခင်အောင်အေးကတော့ ကဗျာဆရာလှသန်းဟာ မြန်မာပြည်ရဲ့ မာယာကေ့ာဖ်စကီး ပါပဲလို့ ရုရှားနိုင်ငံက ကမ္ဘာကျော်ကဗျာဆရာကြီးတစ်ဦးနဲ့ တင်စားခဲ့ပါတယ်။

XS
SM
MD
LG