သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဗျာဆရာ မောင်ဆောင်းခ နယ်သာလန်နိုင်ငံ လူ့အခွင့်အရေးဆုရရှိ


ကဗျာဆရာ ဆောင်းခ (ဓာတ်ပုံ ကိုဇော်ထက်-VOA)
ကဗျာဆရာ ဆောင်းခ (ဓာတ်ပုံ ကိုဇော်ထက်-VOA)

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ ‘အသံ’ အဖွဲ့တည်ထောင်သူ မောင်ဆောင်းခကို နယ်သာလန်နိုင်ငံက Human Rights Tulip Myanmar 2018 ဆုကို ပေးအပ် လိုက်ပါတယ်။ ဒီဆုကို မောင်ဆောင်းခက မြန်မာနိုင်ငံသားအနေနဲ့ ပထမဦးဆုံး ချီးမြှင့်ခံရတာပါ။ ဒီအကြောင်း ကိုဇော်ထက်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ကဗျာဆရာ၊ စာရေးဆရာဖြစ်တဲ့ မောင်ဆောင်းခကို သူ့ရဲ့လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုတွေ ကို အသိ အမှတ်ပြုတဲ့အနေနဲ့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်တဲ့ Human Rights Tulip Myanmar 2018 ဆုကို ချီးမြှင့်လိုက်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးက နိုဝင်ဘာ လ ၂၉ ရက်နေ့မှာ စာနဲ့အကြောင်းကြားခဲ့တာပါ။

မောင်ဆောင်းခဟာ ဒီဆုကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပထမဦးဆုံးရရှိတာဖြစ်ပြီး တခြား နိုင်ငံတွေက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေလည်း ဒီနှစ်မှာ ပထမဆုံးအကြိမ် ပေးတာဖြစ်ပါတယ်။

အခုလိုဆုရရှိတာနဲ့ပတ်သတ်ပြီး မောင်ဆောင်းခက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော် ဒီဆုရတဲ့အတွက် အများကြီးဝမ်းသာတယ်။ နောက်တခုက ကျနော်တို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေ အတွက်လည်း ပိုပြီးတော့ တွန်းအားဖြစ်စေတာပေါ့။ အဓိကကတော့ ကျနော်တို့ဟာ လူငယ်အဖွဲ့အစည်း ဖြစ် တယ်။ ကျနော်တို့လုပ်တာလည်း သိပ်မကြာသေးတော့ နိုင်ငံတကာ အားဖြင့် တော့သိပ်မသိသေးဘူး။ ဘာပဲ ပြောပြော ကျနော်တို့အဖွဲ့ကို ရှာရှာဖွေဖွေနဲ့ ဒီဆုကိုပေး လိုက်ခြင်းအားဖြင့် အခြားနိုင်ငံတကာအဖွဲ့တွေကလည်း သိလာနိုင်တယ်။ သိလာနိုင်တဲ့အခါ ကျနော်တို့ဆီကနေပြီးတော့ထုတ်ပြန်တဲ့ သုတေသနစာတမ်းတွေ၊ ပြီးတော့ ဥပဒေသုံးသပ်ချက်တွေ ဒါတွေကို နိုင်ငံတကာကနေပြီးတော့ ပိုပြီးအာရုံစိုက်လာမယ် ဒီဟာတွေကို ပိုပြီး reference (ကိုးကား) လာမယ်။ ပြည်တွင်းကနေပြီးတော့ ဥပဒေပြုပြင်ပြောင်းလဲရေးကို လုပ်နေရင်းနဲ့ နောက် တပိုင်းမှာလည်း နိုင်ငံတကာကနေပြီးတော့ ဒီအစိုးရကို တိုက်ရိုက်ပေါ့နော်- ဥပေဒပြုပြင်ပြောင်းလဲ ရေး ကိစ္စတွေမှာ ပိုပြီးတော့ တွန်းအားဖြစ်အောင် အပြောင်းအလဲတွေဖြစ်အောင် အခွင့်အလမ်း ကောင်းတွေ ရလာလိမ့်မယ်လို့ ကျနော်က မြင်တယ်ဗျ။”

မောင်ဆောင်းခဟာ ၂၀၁၁ ခုနှစ်မှာ ကဗျာချစ်သူများအသင်းကိုဖွဲ့ခဲ့ပြီး ကဗျာလှုပ်ရှားမှုတွေ၊ ငြိမ်း ချမ်းရေး လှုပ်ရှားမှုတွေကို လုပ်နေပါတယ်။ ၂၀၁၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဝင်ခဲ့ပြီး နောက် ပိုင်းမှာ ရန်ကုန် တိုင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်အနေနဲ့ အရွေးခံရပါတယ်။ ၂၀၁၅ လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွင်းခံရပြီး နောက်ပိုင်း အကြမ်းဖက်ဆန့်ကျင်ရေး လက်ပတ်ဖြူလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ သူရေးတဲ့ “ပုံရိပ်” ကဗျာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ထောင် အချုပ် ၇ လ နေခဲ့ရပြီး အဲဒီနောက်ပိုင်းမှာ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့တောက်လျှောက် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ ဆုချီးမြှင့်ခံရတယ်လို့ အကြောင်းကြားစာကို လက်ခံရရှိတဲ့ သောကြာနေ့မှာပဲ ပြည်တွင်းစစ်ရပ်စဲဖို့ တာမွေမှာ လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ တခြား ၁၇ ယောက်နဲ့ အတူ ဗဟန်းတရားရုံးမှာ (၁၉) ကြိမ်မြောက် တရားခွင်သွားခဲ့ရပါသေးတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ ရိုက်တာသတင်းသမားနှစ်ဦး အမှုရင်ဆိုင်ခဲ့ရတဲ့ ကာလ တလျှောက်လုံးကနေ လက်ရှိအချိန်အထိ သူတို့နှစ်ဦး ပြန်လွတ်မြောက်ရေး တောက်လျှောက် လှုပ်ရှား ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG