သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဗျာဆရာ မောင်ဆောင်းခအမှုနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန မှတ်ချက်


(Photo Credit: PEN Myanmar Facebook)
(Photo Credit: PEN Myanmar Facebook)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိလာတယ်ဆိုပေမဲ့ လုံလောက်မှုရှိဖို့ဆိုရင် အချိန်ယူဖို့ လိုနေသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ကို သရော်လှောင်ပြောင်တဲ့ ပုံရိပ်ကဗျာ ရေးသားခဲ့တယ်ဆိုတဲ့ ကဗျာဆရာ မောင်ဆောင်းခကို ရွှေပြည်သာမြို့နယ် တရားရုံးက မနေ့ အင်္ဂါနေ့က အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာနဲ့ ဆက်စပ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ဆက်နွယ်ပြောဆိုသွားတာပါ။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ စွဲချက်တင်ခံရတဲ့ ကဗျာဆရာ မောင်ဆောင်းခကတော့ ချုပ်ရက် ထုတ်နှုတ် ခံစားခွင့်ရှိတယ်လို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့တာကြောင့် ချုပ်ရက်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

မောင်ဆောင်းခ ပြန်လွတ်လာတယ်ဆိုပေမဲ့လည်း တရားရုံးက သူ့ကို စီရင်ချက်ချလိုက်တာဟာ အရင် ဥပဒေဟောင်းအပေါ် အခြေခံ လုပ်ဆောင်နေသလို ဖြစ်နေတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ဒီကိစ္စအပေါ် စိုးရိမ်မှု ရှိပါသလားလို့ အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပုံမှန်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဌာန ပြောခွင့်ပုဂ္ဂိုလ် John Kirby က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မယ်လို့ သန္ဓိဌာန်ချထားကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ တခြား လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက် ကောင်းမွန်လာအောင် ကျနော်တို့ဘက်ကလည်း ကူညီ ထောက်ပံ့ပေးသွားဖို့ သန္ဓိဌာန် ချထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာလည်း ဗီယက်နမ်နိုင်ငံမှာ မနက်က ပြောတဲ့အထဲ မြန်မာနဲ့ ကျူးဘားနိုင်ငံတွေမှာ လူ့အခွင့်အရေးတွေ တိုးတက်မှု ရှိတာကို တွေ့ရတယ်ဆိုတာကို ထည့်ပြောသွားပါတယ်။ လုံလောက်တဲ့ တိုးတက်မှုကို ကျနော်တို့ တွေ့မြင်ရပြီလားဆိုရင်တော့ - လုံး၀ မတွေ့ရသေးပါဘူး။ ဒါဟာ အချိန်ယူ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ အားမာန်ပြည့်ဝတဲ့ ဒီမိုကရေစီစံနစ် ပေါ်ပေါက်လာဖို့အတွက် လူ့အခွင့်အရေးကို မြင့်တင်ပေးဖို့လိုသလို အခြေခံ လွတ်လပ်ခွင့်တွေလည်း အပြည့်အ၀ ရရှိဖို့ လိုအပ်ပါတယ်။”

ကဗျာဆရာ မောင်ဆောင်းခအမှုနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန မှတ်ချက်
please wait

No media source currently available

0:00 0:01:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG