သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့်ထဲ တိုင်းရင်းသားအများစုပါဝင်


လွတ်မြောက်လာသူ ကချင်တိုင်းရင်းသား မရန် နော်ဆန်း
လွတ်မြောက်လာသူ ကချင်တိုင်းရင်းသား မရန် နော်ဆန်း
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၆၈ ယောက်ကို အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးလိုက်သူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက်တယ်လို့ စွပ်စွဲပြီး အကျဉ်းချခံထားရသူ အများစု ပါလာတာကြောင့် ဒါဟာ ယုံကြည်မှု တည်ဆောက်ရေးအတွက် ပိုကောင်းလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အခု ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ ကြိုတင်မကြေညာထားဘဲ အခုလို လွှတ်ပေးလိုက်တာ ဖြစ်ပြီးတော့ ကာယကံရှင်တွေ ကိုယ်တိုင်တောင်မှ နေ့လည်ပိုင်းမှ သိခဲ့ကြရတာပါ။

လွတ်မြောက်လာသူတွေထဲမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတဲ့ ဦးဘရန်ရှောင်လည်း ပါပါတယ်။ ဦးဘရန်ရှောင်ကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲ ဖမ်းဆီးထားပြီးတော့ ထောင်ဒဏ် ချမှတ်ခဲ့တာပါ။ သူ့ကို မြစ်ကြီးနားထောင်မှာ သွားကြိုဆိုပြီး ဂျမိုင်ကောင်း ဒုက္ခသည်စခန်းထဲက မိသားစုဆီ ပြန်ပို့ပေးခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီနေ့ကတော့ သမ္မတကြီးကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ အားလုံးပေါင်း ၆၉၊ ၇၀ လောက်ရှိတယ်ဗျ။ အဲ့ဒီထဲမှာ တော်တော်များများဟာ တိုင်းရင်းသားနယ်မြေတွေက ဖြစ်တယ်ဗျ။ တိုင်းရင်းသားတွေ အများကြီး ပါသွားတယ်လို့လည်း သိရပါတယ်။ ကျနော်ကတော့ တိုင်းရင်းသားတွေဘက်က ကြည့်ပြီးတော့ ဝမ်းသာတာပေါ့ဗျာ။”

ပြန်လွတ်လာသူ အများစုဟာ တရားမဝင် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှု၊ အဖွဲ့ဝင်ဖြစ်မှုဆိုတဲ့ ၁၇ (၁)၊ ၁၇ (၂) ပုဒ်မတွေနဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူတွေဖြစ်ပြီး KIA၊ RCSS/SSA တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေချိန်မှာ အခုလို ပြန်လွှတ်ပေးလိုက်တဲ့အတွက် လုပ်ငန်းစဉ်အပေါ် အထောက်အကူ ဖြစ်စေပါတယ်လို့ ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးမှာ တကယ်အရေးကြီးတာကတော့ Confident Building ပေါ့ဗျာ။ ကျနော်တို့က Trust တည်ဆောက်နေတဲ့ကိစ္စမှာ ကျနော်တို့က ကတိတည်ဖို့ လိုအပ်တာပေ့ါဗျာ။ အခုလုပ်တာကလည်း ဘာပဲဖြစ်ဖြစ် ကျနော်တို့ပေးတဲ့ ကတိအတိုင်းပဲ ဆောင်ရွက်တာဖြစ်တဲ့အတွက် Confident Building မှာတော့ ပိုပြီးတော့ ကောင်းလာပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်လုပ်တဲ့ Process တွေ အားလုံးက အရေးအကြီးဆုံးက Confident ဆိုတဲ့စကားပြောပါတယ်။ ဒါဟာ ဒီအပေါ်မှာပဲ အခြေခံတာပေါ့ဗျာ။ ဒါတွေအတွက် ကျနော့်အတွက် အများကြီး အထောက်အကူဖြစ်တယ်လို့ပဲ ဒီလိုပဲ ပြောလို့ရပါတယ်။”

ဦးဘရန်ရှောင် ပြန်လည်လွတ်မြောက်ရေးအတွက် ကချင်နဲ့ တခြား အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက အစဉ်တစိုက် တောင်းဆိုခဲ့ကြပြီး ပြီးခဲ့တဲ့မေလက မြစ်ကြီးနားမြို့မှာ KIA နဲ့ ဆွေးနွေးပွဲပြီးတဲ့နောက် ဒုက္ခသည်စခန်းဆီ သွားရောက်ခဲ့တဲ့ ဝန်ကြီး ဦးအောင်မင်းက ပြန်လွတ်လာအောင် လုပ်ပေးမယ်လို့ အာမခံ ပြောကြားခဲ့တာပါ။ ကတိအတိုင်း တည်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်းလည်း ဝန်ကြီး ဦးအောင်မင်း က ပြောပါတယ်။

လွတ်မြောက်ပြီးတဲ့နောက် မိသားစုနဲ့အတူ ပြန်လည်တွေ့ဆုံခွင့်ရတဲ့ ဦးဘရန်ရှောင် ကိုယ်တိုင်ကတော့ သူ့ရဲ့ခံစားချက်ကို အခုလို ပြောပြပါတယ်။

“ကျနော် ဒီနေ့က ဒုက္ခသည်စခန်းမှာ အကုန်လုံးက ကျနော့် တိုင်းရင်းသားတွေနဲ့ ပြန်ဆုံလို့ ကျနော်လည်း သိပ်ဝမ်းသာပါတယ်။”

ဦးဘရန်ရှောင်ဟာ KIA တပ်ဖွဲ့ဝင်မဟုတ်ပါဘဲ တပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲခံရပြီး အကျဉ်းချခံခဲ့ရတာကြောင့် ပြန်လွတ်လာတာကို အထူး ဝမ်းသာပေမဲ့ တရားစီရင်မှုနဲ့ ပတ်သက်လို့တော့ စိတ်ထိခိုက်ရပါတယ်လို့ ဂျမိုင်ကောင်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ပြောပါတယ်။

“သူ ၁ နှစ်နဲ့မှ ၁ လနဲ့မှ ၇ ရက်ပေါ့နော် ဒီမိသားစုနဲ့ ခွဲခွာနေရတယ်။ အဲ့ဒါ သူ ပြန်ရောက်လာတာ သူ့မိသားစုတွေအားလုံး ပျော်ပျော်ရွှင်ရွှင် မြင်နေရတာကို အရမ်းပျော်မိပါတယ်။ ဒါပေမဲ့ စိတ်မကောင်းတာတခုကတော့ ဦးဘရန်ရှောင်က KIA မဟုတ်ဘဲနဲ့ ဟုတ်တယ်ဆိုပြီးမှ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ တရားစီရင်မှုအပေါ်မှာ တော်တော်ကို စိတ်ထိခိုက်တယ်ပေါ့။ စိတ်မကောင်းဘူး။”

အခု ပြန်လွှတ်ပေးလိုက်တဲ့ အရေအတွက် စုစုပေါင်းက ၇၃ ယောက်ဖြစ်ပေမဲ့ ၅ ယောက်ဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလို့ သူတို့အနေနဲ့ သတ်မှတ်ထားတာကြောင့် ၆၈ ယောက် ပြန်လွတ်တယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးရဲအောင်က ပြောပါတယ်။ ဒီ ၆၈ ယောက် စလုံးကတော့ သူတို့ကော်မတီက တင်ပြထားတဲ့စာရင်းထဲမှာ ပါဝင်သူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သူတို့အဖွဲ့ရဲ့စာရင်းအရ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ သမ္မတဦးသိန်းစိန် ပြောထားသလို ဒီနှစ်မကုန်ခင် အားလုံး ပြန်လွတ်လာနိုင်ဖို့ ဆက်လုပ်သွားမယ့် အခြေအနေတွေကိုတော့ ဦးရဲအောင် က ရှင်းပြပါတယ်။

“တနိုင်ငံလုံးအနေနဲ့ ကျနော် တိုင်းတာပြောရရင်တော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ရယ်၊ AAPP ရယ် စုစည်းပြီးတော့ပေါ့နော် ကျနော်တို့ တင်ပြထားတဲ့ နိုင်ငံရေးအကျဉ်းသားက ၁၆၀ ကျော်ရှိတဲ့အတွက် ၁၀၀ ကျော်လောက် ကျန်ပါသေးတယ်ခင်ဗျ။ ကျန်တဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စိစစ်ရေးကော်မတီထဲမှာလည်း ဒီဟာဟာ နိုင်ငံရေးအကျဉ်းသား ဟုတ် မဟုတ် ဆိုတဲ့ပြဿနာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ တချို့လူတွေကျတော့ အရင်အစိုးရက ပုဒ်မမျိုးစုံ တပ်ထားတာတွေရှိတယ်။ ကျနော်တို့ အမှုတွဲတွေကို သေချာလေ့လာပြီးမှ ကော်မတီမှာ ကျနော်တို့ အသေးစိတ် ဆွေးနွေးရပါဦးမယ်ခင်ဗျ။ ၁၀၀ ကျော် ကျန်တယ်ဆိုတာက ကျနော်တို့ နိုင်ကျဉ်းအဖွဲ့ရဲ့ စာရင်းအရ ၁၀၀ ကျော် ကျန်တာကို ပြောတာပါခင်ဗျ။”

သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးမယ်လို့ ကတိပေး ပြောဆိုခဲ့တာပါ။ ဒါဟာ မျှော်လင့်နိုင်တဲ့ကိစ္စ တစ်ခုဖြစ်ပြီး စိစစ်ရေးကော်မတီက စိစစ်ပြီးတဲ့နောက် အလွန်ဆုံး နှစ်ကုန်မှာ အားလုံး ပြန်လွတ်လာမှာပါလို့ ဝန်ကြီး ဦးအောင်မင်း ကလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေ တောက်လျှောက် တိုးတက်နေပြီး တိုင်းရင်းသားတွေ အားလုံးကလည်း ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
XS
SM
MD
LG