သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်မြောက်


၁၂ အောက်တိုဘာ ၂၀၁၁ ခုနှစ်က ဓာတ်ပုံဖြစ်ပါတယ်။
၁၂ အောက်တိုဘာ ၂၀၁၁ ခုနှစ်က ဓာတ်ပုံဖြစ်ပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၅၆ ဦးကို ဒီကနေ့မှာပဲ အစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေးတက်ဖို့ သမ္မတ ဦးသိန်းစိန် ဘရူနိုင်းနိုင်ငံဆီကို သွားတဲ့နေ့နဲ့ တိုက်ဆိုင်စွာပဲ အခုလို လွှတ်ပေးလိုက်တာပါ။

ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးထားပေမဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေကတော့ ဒီအပေါ် သံသယရှိကြပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကပဲ ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အများစုဟာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားကြရတဲ့ တိုင်းရင်းလူမျိုးစုတွေ ဖြစ်ကြပါတယ်။ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မီတီက ပြန်လွှတ်ပေးဖို့ တင်ပြထားတဲ့ စာရင်းထဲက ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်လည်းဖြစ်၊ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင်တဦးလည်းဖြစ်တဲ့ ကိုရဲအောင်က ပြောပါတယ်။

“ကျနော်တို့ သိထားတာကပေါ့ တချို့နယ်ထောင်တွေ အနေအထားနဲ့ကတော့ ကျနော်တို့က အခုထက်ထိ တိုက်ရိုက်ပေါ့ဗျာ အဲ့ဒီထောင်က လွတ်တဲ့လူစာရင်းကို မရပေမဲ့ ကျနော်တို့ ဒီ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီစာရင်းထဲကနေ စိစစ်ပြီး တင်ပြထားတာ ၅၆ ဦးရှိပါတယ်။ အဲ့တော့ အဲ့ဒီ ၅၆ ဦးကို လွှတ်တယ်လို့ပဲ ကျနော်တို့က သိထားပါတယ်ခင်ဗျ။ ကျနော်တို့ကို ဒီနေ့ ဒီ ၅၆ ယောက်ပေါ့နော် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တင်ပြပေးလိုက်တဲ့ စာရင်းပါ။ ဟုတ်ကဲ့ ဒီ ၅၆ ယောက်စလုံးကို လွှတ်ပေးမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျ။ မျှော်လည်း မျှော်လင့်ပါတယ်။”

အများစုဟာ ကလေး၊ မိတ္ထီလာ၊ မြောင်းမြ၊ ဗန်းမော်၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ လားရှိုး စတဲ့ မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီး အင်းစိန်အကျဉ်းထောင်က ၁ ဦးလည်း ပါဝင်ပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ဝေါဟာရကိုတောင် တခါမှ ဖော်ပြခဲ့ခြင်း မရှိသလို မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ တောက်လျှောက် ငြင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ဝေါဟာရကို အစိုးရအပါအဝင် ပြည်တွင်း မီဒီယာတွေမှာပါ ထည့်သွင်း ဖော်ပြလာကြသလို နိုင်ငံရေး အကျဉ်းသားတွေကိုလည်း အသုတ်လိုက် လွှတ်ပေးလာနေတာ ဖြစ်ပါတယ်။

အခုနှစ်မကုန်ခင် နိုင်ငံရေး အကျဉ်းသား တယောက်မကျန် ပြန်လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဇူလိုင်လအတွင်း ဥရောပ နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း ပြောကြားခဲ့တာပါ။

ဒါပေမဲ့ လက်ရှိမှာ ဖမ်းဆီးမှုတွေ ဆက်လက်ပြုလုပ်နေသေးတာနဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ပြုစုထားတဲ့ စာရင်းအရ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် ရှိနေသေးတာတွေကြောင့် သမ္မတရဲ့ အဲဒီပြောဆိုမှုအတိုင်း ဖြစ်ဖို့ သိပ်မဖြစ်နိုင်ဘူးလို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က သုံးသပ်ပါတယ်။

“ဘာကြောင့်လဲဆိုတော့ ဖြစ်နိုင်ချေ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခု ကျန်တာက ကျနော်တို့စာရင်းအရဆိုရင် ၁၃၃ ယောက်လောက်ကျန်မယ်။ အဲ့ဒီအပြင်ကို အမှုရင်ဆိုင်နေရတာ ၂၃၂ ယောက်ရှိပါတယ်။ အဲ့ဒီ ၂၃၂ ယောက်ကိုလည်း အမှု ပိတ်ပေးဖို့လိုတယ်။ အဲ့ဒီအပြင် မတရားသဖြင့် ဖမ်းဆီးမှုတွေ ဆက်မလုပ်ဖို့လည်း လိုပါတယ်။ အဲ့ဒီတော့မှပဲ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ Issue က တခန်းရပ်မှာပါ။ ဒါမှမဟုတ်လို့ရှိရင်တော့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေတယ်ဆိုရင်တော့ ဆက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားကိစ္စကို ဆက်လက်ပြောဆို လုပ်ကိုင်နေရမှာ ဖြစ်ပါတယ်။”

တကယ်တော့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တယ်ဆိုပေမဲ့ သူတို့အတွက် လုပ်ဆောင်ပေးရမယ့် လုပ်ငန်းတွေ ပြီးဆုံးသွားတာတော့ မဟုတ်ပါဘူး။ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်လများ အကျဉ်းကျ ခံနေခဲ့ရတဲ့ သူတို့ဘဝတွေ ပြန်လည် ပြုစု ပျိုးထောင်ပေးရေး လုပ်ငန်းတွေကိုလည်း ရေရှည် လုပ်ဆောင်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အရင် လွတ်မြောက်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေရပြီး နောက်ပိုင်းမှာ သူတို့ဘ၀ ပြန်လည် ပြုစု ပျိုးထောင်ပေးရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ကိုရဲအောင် က ပြောပါတယ်။

“အဲ့ဒါတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့အနေနဲ့ တင်ပြထားပါတယ်။ အဓိကကတော့ ထွက်လာတဲ့ လူတွေက ထောင်ထဲမှာ နှစ်ရှည်လများ နေနေခဲ့ရတယ်။ မိသားစုနဲ့ ကင်းကွာခဲ့တဲ့ ပြင်ပဘဝတွေနဲ့ ကင်းကွာခဲ့တဲ့အတွက်ကြောင့် သူတို့ကို ကျနော်တို့က ပြန်လည်ပြီးတော့ ထူထောင်ရေးလုပ်ငန်းတွေပေါ့နော် ကူညီစောင့်ရှောက်မှုတွေ လုပ်ပေးရမယ်ဆိုတာကို ကျနော် ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ဒါကို ကျနော်တို့အနေနဲ့ ဒီအစည်းအဝေးတွေမှာ ပြောတဲ့အခါမှာ အရေးကြီးတာကတော့ နံပါတ်တစ်က ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို စိစစ်ဖို့က ကျနော်တို့အတွက် အဓိက အကြောင်းအရာ ဖြစ်နေတယ်ပေါ့။ ဒါကြောင့်မို့လို့ ဒါကို အရင် စိစစ်ပြီးတော့ ဒါကိုတော့ ကျနော်တို့အနေနဲ့ အနည်းငယ်ပဲ ကျန်တော့တဲ့အချိန်မှာ နောက်ပိုင်းမှာ ကျနော်တို့ ထပ်ပြီး စဉ်းစားကြရအောင် ဆိုတဲ့ဟာမျိုးတွေပဲ ကျနော်တို့ ရှိထားပါသေးတယ်။”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရောက်ရေး အသင်းအဖွဲ့တွေနဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင်တွေကတော့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံး၀ မရှိတော့တဲ့အထိ ဆက်လက် တောင်းဆိုသွားမယ်လို့ ပြောဆိုနေကြပါတယ်။

ဒီကနေ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက်တာဟာ အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ဖို့နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူဖို့ ဘရူနိုင်းနိုင်ငံကို ထွက်ခွာသွားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG