သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်သမ္မတ ရွေးကောက်ပွဲ ယာယီသမ္မတ အနိုင်ရ


ပိုလန်နိုင်ငံက လက်ရှိ ယာယီသမ္မတ ဘရွန်နီစလော ကိုမိုရောစကီး (Bronislaw Komorowski) နဲ့ ရှေးရိုးဝါဒီ ဂျာရိုစလော ကာဇင်းစကီး (Jaroslaw Kaczynski) တို့အကြား တကျော့ပြန် ရွေးကောက်ပွဲ ပြန်လည်ကျင်းပကြတာမှာ ဘရွန်နီစလော ကိုမိုရောစကီးက အနိုင်ရသွားတယ်လို့ ဆိုပါတယ်။

မဲရုံပေါင်း ၉၅% က ထွက်လာတဲ့ စစ်တမ်းတွေအရ မစ္စတာ ကိုမိုရောစကီးက မဲအရေအတွက် ၅၂% ကျော်ကျော်နဲ့ အနိုင်ရနေတယ်လို့ ဆိုပါတယ်။ တရားဝင် ရွေးကောက်ပွဲ ရလဒ်တွေကတော့ တနင်္လာနေ့ နှောင်းပိုင်းမှာ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

မဲရုံအထွက် စစ်တမ်းနှစ်ခု ကောက်ခဲ့တဲ့အထဲ မစ္စတာ ကိုမိုရောစကီး အနိုင်ရတယ်လို့ အဖြေထွက်နေတာကြောင့် မစ္စတာ ကာဇင်းစကီးက မစ္စတာ ကိုမိုရောစကီးကို ရွေးကောက်ပွဲ အနိုင်ရတဲ့အတွက် ဂုဏ်ပြုစကား ပြောပြီးပြီလို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေက မကွာလွန်းတာကြောင့် ဒါဟာ ဒီမိုကရေစီရဲ့ အောင်မြင်မှု ဖြစ်တဲ့အကြောင်း တနင်္ဂနွေနေ့ညက ပြောကြားတဲ့ မိန့်ခွန်းထဲမှာ မစ္စတာ ကိုမိုရောစကီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပိုလန်သမ္မတဟောင်း သေဆုံးပြီး သိပ်မကြာခင်မှာ ဒီရွေးကောက်ပွဲကို ကျင်းပတာမို့ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ အခက်အခဲတွေ ရှိတယ်လို့ သူက ပြောပါတယ်။

မစ္စတာ ကိုမိုရောစကီးဟာ သူ့ရဲ့ပြိုင်ဘက် မစ္စတာ ဂျာရိုစလောနဲ့ အမြွှာညီအကိုတော်သူ ပိုလန်သမ္မတဟောင်း လက်ခ် ကာဇင်းစကီး (Lech Kaczynski) ဧပြီလမှာ သေဆုံးပြီးနောက်ပိုင်း ယာယီသမ္မတ ဖြစ်လာခဲ့တာပါ။

အခု သမ္မတအသစ်အဖြစ် ရွေးကောက်ခံလိုက်ရတဲ့ မစ္စတာ ကိုမိုရောစကီးဟာ ၅၈ နှစ် ရှိပြီဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုက မွေးဖွားလာသူ တဦးပါ။ ဒါပေမဲ့ ကွန်မြူနစ် အစိုးရအောက်မှာ ဖိနှိပ်ချုပ်ချယ် ခံရတာကြောင့် ဆင်းရဲနွမ်းပါးပြီး ကွန်မြူနစ် ဆန့်ကျင်ရေးသမားတဦး ဖြစ်လာခဲ့တာပါ။ နောက်ပိုင်း ပိုလန်နိုင်ငံရဲ့ Solidarity အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့တာကြောင့် ထောင်ချခံခဲ့ရပါတယ်။ သူဟာ ယာယီသမ္မတအဖြစ် ခန့်အပ်ခြင်း မခံရခင်က အစိုးရ ဝန်ကြီးဌာန တော်တော်များများမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG