သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ စိတ်မချရသေး


မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူအတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိူးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဂျပန် NHK သတင်းဌာနအတွက် ပြည်တွင်းအခြေစိုက် လုပ်ပေးနေသူ သတင်းထောက် ကိုသီဟဆွေက ပြောပြပါတယ်။

“သူ့အနေနဲ့ အဓိက ပြောသွားတာကတော့ အီးယူက တကယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ပေါ့နော်။ ဒီ Suspend လုပ်တယ် ဆိုတဲ့ ကိစ္စကလည်း သူတို့က မှန်ကန်တဲ့ ရွေးချယ်မှုပေါ့။ ဆိုတော့ သူတို့က ပိုလန်နိုင်ငံအနေနဲ့ ကတော့ မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး အနေအထားတွေဟာ နောက်ပြန်လှည့် သွားနိုင်လား ဆိုတာကို အနီးကပ် စောင့်ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ထပ် သူပြောတဲ့အထဲမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့တခုက ဘာလဲဆိုတော့ သူတို့ လာရောက် လေ့လာတဲ့အခါမှာ Reform Process တွေက သူတို့ ထင်ထားတာထက် ပိုပြီးတော့ Fragile ဖြစ်တယ်ပေါ့နော်။ ပြန်ပြီးတော့ ပြိုကွဲလွယ်တယ်ပေါ့နော်။ ဆိုတော့ အဲဒါလေး ပြောသွားတာ ရှိပါတယ်။”

ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မေလ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရ အဖွဲ့ဝင်တချို့နဲ့ပါ တွေ့ခဲ့ပါတယ်။ အဲဒီမှာ အီးယူက မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ၁ နှစ် ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲကြပါတယ်။ အီးယူရဲ့ ပိတ်ဆို့မှု ၁နှစ်ဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှုမရှိသလို ရေရှည် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခက်အခဲ ဖြစ်တာမျိူး ရှိတာမို့ လုံးဝရုတ်သိမ်းရေး ကိစ္စတွေကို အစိုးရဖက်က ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

“ဥရောပက မှတ်ချက်ထဲမှာ ဘာပါလဲဆိုတော့ အီးယူရဲ့ လောလောဆယ် Sanction Suspend လုပ်တဲ့အထဲမှာ ဒီ မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နေတဲ့ သက်ရောက်မှုတွေကို ဖယ်ရှားလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာစီးပွားရေးဟာ ဒါကြောင့် ရပ်နေတယ်လို့တော့ ငြင်းလို့တော့ မရတော့ဘူးလို့ သူထဲ့ပြောသွားတယ်။ ဒါကို သူက လက်မခံတဲ့သဘောမျိုး ရှိပါတယ်။ ဒီလက်ရှိ Suspend လုပ်လိုက်တဲ့အပေါ် မြန်မာစီးပွားရေးက အထိုက်အလျောက် တိုးတက်လာရမယ် ဆိုတဲ့ သဘောမျိုး ပြောသွားတဲ့ သဘော တွေ့ပါတယ်။”

အခုလို ပိုလန်နိုင်ငံက အဆင့်မြင့် အရာရှိတဦးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ၂နိုင်ငံအကျိူးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍတွေနဲ့ ပတ်သက်လို့လည်း ရှင်းပြသွားတယ်လို့ ဆိုပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီး သူက သူနဲ့ တပါတည်းပါလာတဲ့ ပိုလန် စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါလာတယ်။ သူတို့ကိုလည်း မေးမြန်းလို့ ရတယ်။ သူတို့ရဲ့ မြန်မာပြည်မှာ Business opportunity တွေနဲ့ ပတ်သက်ပြီးတော့ လာပြီး စူးစမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့နော်၊ ကျနော်တို့ ဒီ Shipping နဲ့ ပတ်သက်တဲ့ ဟာတွေက အစပေါ့နော်၊ သူတို့ ဒီ စီးပွားရေး လုပ်ငန်းရှင်တွေ နယ်ပယ် အသီးသီးက ပါလာတယ် ဆိုတဲ့ အကြောင်း၊ သူတို့ရဲ့ စိတ်ဝင်စားမှုကိုတော့ ပြောသွားတယ်ပေါ့လေ။ ဒါပေမယ့်လည်း လေ့လာရဦးမယ်ပေါနော်။”


ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံထဲ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဆိုရာမှာ နှစ်ဦး နှစ်ဖက် အာမခံချက်တွေ ရှိတဲ့ ဥပဒေ ပြဌာန်းချက်တွေ ရှိဖို့လိုတယ်လို့ မြင်ကြောင်း ရှင်းပြခဲ့တယ်လို့လည်း ပြောပါတယ်။

“သူက ဖြေရတဲ့အဖြေက အင်မတန် နဲပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက ဒီ မြစ်ဆုံ Dam နဲ့ ပတ်သက်တဲ့ ရင်းနှီး မြုပ်နှံမှုတွေလည်း ရှိတတ်တဲ့အတွက်ကြောင့်မို့လို့ ဒီ Foreign investment တွေဟာ ဟို ကောင်းကျိုးလည်း ပေးတာရှိတယ်၊ ဆိုးကျိုးလည်း ပေးတာတွေ ရှိတယ် ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာနဲ့ ပတ်သက်ပြီး အမြင် သူ့ကို တယောက်က မေးတဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆိုတာက ရင်းနှီးမြုပ်နှံသူကိုရော၊ ဒီဖက်က တိုင်းပြည်ကိုရော နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေတွေ ပြဌာန်းပြီးတော့
စံနစ်တကျ လုပ်တာ ပိုကောင်းတယ်၊ နှစ်ဖက်လုံး အကျိုးရှိတဲ့ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုက ပိုကောင်းတယ် ဆိုတာကို သူ ထပ်ပြောသွားပါတယ်။ အားလုံးကတော့ ဒီကို လာကြည့်ကြတဲ့အခါမှာ ဟို အင်မတန်စိမ်းတဲ့ တိုင်းပြည်တခုကို၊ စီးပွားရေးအရ စိမ်းနေသေးတဲ့ တိုင်းပြည်တခုကို လာကြည့်ရတာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေတွေကို လာပြီးတော့ စူးစမ်းတဲ့သဘော အဆင့်မှာပဲ ရှိပါသေးတယ်။”


ဒါကတော့ မေလ ၁၀ ရက်နေ့က ပိုလန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး သတင်းထောက်တွေကို တွေ့ဆုံ ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဂျပန် သတင်းဌာနရဲ့ ပြည်တွင်းအခြေစိုက် သတင်းထောက် ကိုသီဟဆွေကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG