ပိုလန်နိုင်ငံမှာ ခရီးသည်တင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိတဲ့အတွက် လူ ၁၆ ဦး သေဆုံးသွားပါတယ်။ စနေနေ့ နှောင်းပိုင်းကဖြစ်ပွားတဲ့ အဲဒီရထာတိုက်မှုမှာ ကယ်ဆယ်ရေး ၀န်ထမ်းတွေက အသက်ရှင် ကျန်နေရစ်သူတွေကို ညလုံးပေါက် ရှာဖွေခဲ့ကြပါတယ်။ ခရီးသည် စုစုပေါင်း ၃၅၀ လောက် ပါလာတဲ့အထဲမှာ ၅၆ ယောက် ထိခိုက် ဒဏ်ရာရသွားပြီး အဲဒီအထဲမှာ အတော်လေး ဒဏ်ရာပြင်းထန်သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ရထားနှစ်စင်း တိုက်တဲ့အရှိန်ကြောင့် ရထားတွဲတွေ တစ်ခုပေါ်တစ်ခု ထပ်သွားပြီး ရထားလမ်းတွေပေါ်မှာလည်း ရထားတွဲပျက်တွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ ဒီ ရထားတိုက်မှုဟာ ပိုလန်နိုင်ငံမှာ မကြာသေးခင် ကာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ရထားတိုက်မှု ဖြစ်တယ်လို့ အဲဒီ ရထားတိုက်တဲ့နေရာကို သွားရောက် ကြည့်ရှုပြီး ၀န်ကြီးချုပ် Donald Tusk က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဒီရထားတိုက်မှုအတွက် ၀မ်းနည်းခြင်း အထိန်းအမှတ်အဖြစ် သတ်မှတ်ကြေညာပေး သွားမယ်လို့ သမ္မတ Bronislaw Komorowski ကလည်း ပြောပါတယ်။ အဲဒီ ရထား နှစ်စင်းဟာ ပိုလန်နိုင်ငံတောင်ပိုင်း Szczekociny မြို့က ရထားလမ်း တစ်ခုထဲပေါ်မှာ စနေနေ့က မျက်နှာချင်းဆိုင် မောင်းလာကြရာက အခုလို တိုက်မိသွားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။