ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေအပေါ် မကျေနပ်တဲ့အတွက် ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြနေသူတွေနဲ့ လုံထိန်းရဲတွေကြား ဗုဒ္ဓဟူးနေ့ကလည်း အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရဲတွေကို လောက်လေးတွေနဲ့ပစ်၊ အိမ်သုတ်ဆေးတွေနဲ့ပက် ဗျောက်အိုးတွေဖောက် ပစ်ပေါက်ခဲ့ကြသလို၊ လုံထိန်းရဲတွေကလည်း ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ သုံးခဲ့ကြပါတယ်။ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ အိမ်တော်အနီး ဆန္ဒပြသူတွေကို သွားဖို့ ကြိုးပမ်းရာက အဓိကရုဏ်းတွေ ဖြစ်ခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်သလို၊ စီးပွားရေးမှာလည်း ထိခိုက်နေတယ်ဆိုပြီး ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ရာထူးက ထွက်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ ရာထူးက ထွက်ပေးမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကတော့ အဓိကရုဏ်းအတွင်း တပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး၊ ဘန်ကောက်မြို့က ဧရာဝဏ် ဆေးဖက်ဆိုင်ရာဌာနကတော့ ဆန္ဒပြသူ ၁ ဦး ဒဏ်ရာရကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ ကိုဗစ်ကပ်ရောဂါကို အစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် မကျေနပ်မှုတွေကြောင့် ဘန်ကောက်မှာ ဗုဒ္ဓဟူးနေ့က ဒုတိယနေ့အဖြစ် ဆန္ဒပြခဲ့ကြတာပါ။ အမေရိကန် ပြည်ထောင်စုက Johns Hopkins တက္ကသိုလ်ရဲ့ ကမ္ဘာတဝန်း ကိုဗစ်ရောဂါကူးစက်မှု မှတ်တမ်းအရ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူ အတည်ပြုလူနာ ၇၉၅,၀၀၀ ကျော် ရှိနေပြီး၊ သေဆုံးသူ ၆,၅၈၈ ယောက် ရှိနေပါတယ်။
-------------------------------