သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူ ၂၆ ယောက်ဖမ်းဆီးခံရ


ဟောင်ကောင်၊ ကောင်လွန်းကျွန်းပေါ်က Mong Kok အရပ်သပိတ်စခန်းတခုမှာ ဆက်လက်နေရာယူ ဆန္ဒပြနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဒီကနေ့ စနေနေ့မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ငရုပ်ရည်တွေ၊ နံပါတ်တုတ်တွေသုံးပြီး လူစုခွဲဖို့ ကြိုးစားတာကို ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေဖက်က ထီးတွေနဲ့ ခုခံကာကွယ်ခဲ့ကြပါတယ်။

မနက်အစောပိုင်းဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ရဲသား ၁၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်၊ ၃ ပတ်လုံး တရားမဝင် ဆန္ဒပြနေကြတာကို ရဲတပ်ဖွဲ့က အင်မတန်မှ သည်းခံခဲ့ပါတယ်။ သူတို့ရဲ့အမြင်တွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ချင့်ချင့်ချိန်ချိန်နဲ့ ဥပဒေဘောင်ထဲကနေ ထုတ်ဖော်ကြလိမ့်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခွင်ပြုခဲ့တာပါ။ ဒါပေမဲ့ ဒီဆန္ဒပြသူတွေဟာ ပိုပြီးတော့ အစွန်းရောက် အကြမ်းဖက်တဲ့လုပ်ရပ်တွေနဲ့ တရားမဝင် ဆန္ဒပြမှုတွေကို ဆက်လုပ်လာတယ်လို့ ဟောင်ကောင်ရဲမင်းကြီး Andy Tsang ကပြောကြားသွားတာပါ။

ဆန္ဒပြသူတွေကြောင့် ဟောင်ကောင်ကိုထိခိုက်စေပြီး အများပြည်သူ လုံခြုံရေးကို ထိခိုက်စေတယ်လို့လည်း ပြောသွားပါတယ်။ ဆန္ဒပြကျောင်းသူ တယောက်ကတော့ အစိုးရဖက်က ဆန္ဒပြတာကို အခုလို ရှင်းလို့ မရဘူးလို့ ဆိုပါတယ်။

ကျမတို့ကို အတင်းဖယ်ရှားခိုင်းပြီး ပြဿနာကို ဖြေရှင်းလို့ မရပါဘူး၊ အခုအတင်းဖယ်ရှားတယ်ဆိုရင်လည်း ကျမတို့က ပြန်ရောက်လာမှာပါ၊ အစိုးရက ကျမတို့နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတာကို လိုချင်တာပါလို့ ဆန္ဒပြတက္ကသိုလ်ကျောင်းသူက ပြောသွားတာပါ။

စနေနေ့ မနက်မလင်းခင်မှာ ရဲတွေ ရှင်းလင်းခဲ့တဲ့ Mong Kok အရပ်က လမ်းတွေကို ဆန္ဒပြသူတွေက ပြန်လည်နေရာယူခဲ့ကြပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို တရုတ်အစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင်ပြည်သူတွေက လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြဖို့ တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG