သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီး သေဆုံးမှု ရဲစခန်း အမှုပိတ်


ကိုပါကြီး သေဆုံးမှု ရဲစခန်း အမှုပိတ်သိမ်းကြောင်း အကြောင်းကြားစာ။
ကိုပါကြီး သေဆုံးမှု ရဲစခန်း အမှုပိတ်သိမ်းကြောင်း အကြောင်းကြားစာ။

စစ်တပ်ကနေ ပစ်ခတ်လို့ သေဆုံးသွားခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ အမှုနဲ့ ပတ်သက်လို့ မိသားစုက လူသတ်မှုနဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်လို့ အမှု ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း ကျိုက်မရောမြို့နယ်ရဲစခန်းမှူး လက်မှတ်နဲ့ ဇနီးဖြစ်သူကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၄ခုနှစ် စက်တင်ဘာလက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်း စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့ရတဲ့ ကိုပါကြီးနဲ့အမှုနဲ့ပတ်သက်လို့ တရားလို ရဲမှူး မောင်အေးနဲ့ တရားခံ ဒုတပ်ကြပ်ကျော်ကျော်အောင်တို့ရဲ့ အမှုကို ဥပဒေရုံးအဆင့်ဆင့်ရဲ့ အကြံပြုချက် အထက် အကြီးအကဲ အဆင့်ဆင့်တို့ရဲ့ ညွန်ကြားချက်တွေ နဲ့ အညီ အမှုပိတ်သိမ်းဖို့ အကြောင်းကြားလာတဲ့ အတွက် ၁၉ -၃-၂၀၁၆ ရက်နေ့ မှာ မှားယွင်းမှုနဲ့ ပိတ်သိမ်းကြောင်း မွန်ပြည်နယ် ကျိုက်မရော ရဲစခန်းမှူး က အကြောင်းကြားလာခဲ့တာပါ။

ဒါဟာ တရားရုံးမတက်ရသေးပဲနဲ့ ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ဇနီးဖြစ်သူ အိမ်မဲမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောပါတယ်။

"အမှုကို မှားယွင်းမှုနဲ့ပိတ်သိမ်းလိုက်တယ်ဆိုပြီးတော့ အောက်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် စခန်းမှူးလက်မှတ်ထိုးပြီးတော့ ကျမဆီကိုပို့တဲ့စာပေါ့နော်။ ဒီလူသတ်မှုနဲ့တက်ထားတဲ့ တရားခွင်ကို လုံးဝ တရားရုံးမတက်ရသေးပဲနဲ့ ဒီလိုမျိုး ထုတ်ပြန်ကြေညာချက် ထွက်လာတာပေါ့နော်။ ရေးထားတာကတော့ ကျိုက်မရော စခန်းမှူး ရေးထားတယ်။ မှားယွင်းပိတ်သိမ်းတယ်ဆိုပြီးတော့ ဒီထဲမှာလည်း မထည့်ထားဘူး ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က သေမှုသေခင်း တုန်းက ဆုံးဖြတ်ချက်အရ သေမှုသေခင်းထဲကအတိုင်းဆိုရင် ကိုပါကြီးက ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘူး။ တစုံတယောက်ရဲ့ ပရောဂကြောင့် သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားတာလို့ ဆုံးဖြတ်ချက်ချ တယ်။ နောက်ပြီးတော့ တရားသူကြီးကိုယ်တိုင် ဒီအမှုဟာ လူသတ်မှုအဖြစ် ထပ်ပြီး တရားစွဲခွင့်ရှိတယ်လို့ပြောတယ်။ ဒီဟာနဲ့ဆိုရင် အခုထုတ်တဲ့စာနဲ့ဆိုရင် ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ "

ဒီအမှုနဲ့ပတ်သက်လို့ လိုက်လံစုံစမ်းမေးမြန်းဖို့အတွက် ရှေ့နေနဲ့ ပြင်ဆင်မှာဖြစ်ပြီး ဥပဒေကြောင်းအရ တရားမျှတမူရစေဖို့ ဆက်ကြိုးပမ်းသွားမယ် လို့ ဒေါ်သန္တာက ပြောပါတယ်။

" ကိုပါကြီးကို ကျမတို့သေမှုသေခင်းသွားပြီးတော့ ဖွင့်တုန်းကလည်း မနက်ကိုးနာရီ ကတည်းက ည ခြောက်နာရီအထိ ကျမ ဖွင့်လို့မရခဲ့ဘူး။ အဲ့တုန်းကလည်း ကျမ အဲ့ဒီ့စကားပဲပြောတယ်။ အထက်အဖွဲ့အစည်းအဆင့်ဆင့် ဖွင့်ခွင့်မပေးဘူးလို့ ဒီစကားပြောတယ်။ အထက်အဖွဲ့အစည်းအဆင့်ဆင့် နာမည်မေးတုန်းကလည်း ကျမကို အဲ့တုန်းကလည်း ပြန်ပြီး မပြောခဲ့ဘူး။ အခုဟာက ဒုတိယအကြိမ် ဒီစကားထပ်ပြောတယ်။ စာနဲ့ကို အလုံးလိုက်မြင်ရတာပေါ့နော်။ ဥပဒေဘောင်အတွင်းက တရားမျှတမှုရဖို့အတွက် ကျမ ထပ်ကြိုးစားပါ့မယ်။"

ကိုပါကြီးသေဆုံးတဲ့အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ကလည်း လူ့အခွင့်အရေး ရှု့ဒေါင့်ကနေ စစ်ဆေးမေးမြန်းပြီး သမ္မတဦးသိန်းစိန်ကို အစီရင်ခံစာ တင်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ အမှုနဲ့ပတ်သက်လို့ နယ်ဘက် တရားရုံးမှာ လွတ်လပ်စွာ စစ်ဆေးခွင့်ပြုဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅ခုနှစ်အတွင်း ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ တို့နဲ့ စစ်ဆေးခဲ့ပြီး တရားသေ လွှတ်မိန့် ချမှတ်ခဲ့ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အတည်ပြုခဲ့တာကို သိရှိရတယ်လို့ လူအခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးကို မြန်မာအစိုးရနဲ့ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် တိုက်ပွဲတွေ ဖြစ်နေစဉ်မှာ ဖမ်းဆီးမိခဲ့ကြောင်း သူဟာ KKO အဖွဲရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတဦး အဖြစ် မြန်မာစစ်တပ်က ပြောဆို ထားတာပါ။ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်က လူငယ်ခေါင်းဆောင်တဦး ဖြစ်ခဲ့သလို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးတာဝန်ယူပေးတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ မြန်မာပြည်က ဂျာနယ် ၃ စောင်လောက်မှာလည်း အောင်ကြီး နာမည်နဲ့ သတင်းများပေးပို့ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG