သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက် ၂ ယောက်ကို အကွက်ဆင်ဖမ်းခဲ့ကြောင်း ရဲထွက်ဆို


 တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင် ( ဧပြီ ၂၀-၂၀၁၈)
တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင် ( ဧပြီ ၂၀-၂၀၁၈)

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ဒီကနေ့ ဆက်လက် ရုံးထုတ်စစ်ဆေးရာမှာ သတင်းသမားတွေကို အထက်အမိန့်အရ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း တရားလိုပြသက်သေ တဦးဖြစ်တဲ့ ရဲအရာရှိက ထွက်ဆိုသွားပါတယ်။ အကျိုးဆောင် ရှေ့နေတွေကတော့ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးကို လျို့ဝှက် အထောက်အထားတွေ ပေးအပ်ခဲ့မှုနဲ့ ဆက်နွယ်ပြီး အရေးယူခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင် ရဲ့ ထွက်ဆိုချက်အပေါ် အခြေခံပြီး အမှုသည်တွေ လွတ်မြောက်ရေး ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ၂ ဦးအမှုကို ဒီကနေ့ ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးရာမှာ ဒုရဲတပ်ကြပ်နိုင်လင်းဆိုသူနဲ့ နောက်တဦးတို့က ရိုက်တာသတင်းထောက် ၂ ယောက်နဲ့ ရန်ကုန်မြို့က စားသောက်ဆိုင် တဆိုင်မှာ ချိန်းဆိုပြီး ဖမ်းဆီးဖို့ စီစဉ်ခဲ့တဲ့အကြောင်း တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ အမှတ် ၈ လုံခြုံရေးရဲတပ်ရင်းက ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့တာပါ။

သတင်းထောက် ၂ ဦးကို သက်သေခံ အထောက်အထားတွေပေးပြီး ဖမ်းဆီးနိုင်အောင် ရဲမှူးချုပ်တင်ကိုကိုက ညွှန်ကြားခဲ့ကြောင်းလည်း ပထမဆုံးအကြိမ် တရားခွင်ကို ရောက်ရှိလာတဲ့ ဒုရဲမှူးမိုးရန်နိုင် ထွက်ဆိုခဲ့ကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

" နိုင်လင်းကနေ ရဲမှူးချုပ်တင်ကိုကို ကို သတင်းပို့နေတာ အဲ့ဒီ့ဝလုံးတို့ကို စားသောက်ဆိုင်တခုထဲမှာ ခေါ်သွားပြီးတော့ စားသောက်ဆိုင်ထဲမှာ အဲ့ဒီ့စာရွက်တွေကို ပေးတယ်။ ပေးပြီးတော့ ဝလုံးတို့ ပြန်အထွက်မှာ စီစဉ်ထားတဲ့အတိုင်း လုံခြုံရေးတပ်ဖွဲ့တွေက ဝလုံးတို့ကို ဖမ်းတယ်ဆိုတဲ့အကြောင်း ပြန်ပြီးတော့ သတင်းပို့နေတယ်လို့ သူကြားတယ်ဆိုပြီးတော့ ထွက်သွားတာ။ အဲ့ဒီ့ရဲအရာရှိတွေကိုလည်းပြောတယ် ဝလုံးတို့ လွတ်သွားရင်တော့ မင်းတို့ကောင်တွေ အကုန်လုံး အချုပ်ထဲရောက်သွားမယ်တို့ ဘာတို့ ငေါက်တယ်တဲ့။ ငေါက်ပြီးတော့မှ ဝလုံးနဲ့ မတွေ့ရသေးဘူးဆိုတဲ့ နိုင်လင်းကို ကဲ့ ဒါဆိုရင် ဝလုံးတို့ကို ဖုန်းဆက်လိုက် တွေ့မယ်လို့ ပြောလိုက်ဆိုပြီးတော့ ဆက်ခိုင်းတယ်တဲ့။ ဆက်ခိုင်းပြီးတဲ့အခါကျတော့ နိုင်လင်းကို စာရွက်အထုတ်နှစ်ထုပ်ပေးတယ်တဲ့။ အဲ့တာကို ဝလုံးလက်ထဲကို ထည့်။ ရအောင်ထည့်ဆိုပြီး ပြောတယ်တဲ့ နောက် တော်တော်ကြာတယ်ပေါ့ဗျာ။ တော်တော်ကလေး ကြာတဲ့အခါကျတော့ အဲ့ဒီ့ နိုင်လင်းနဲ့ တယောက်ပြန်ရောက်လာတယ်။ အဲ့ခိုင်းတဲ့အတိုင်း လုပ်ခဲ့ပြီ ဝလုံးတို့ ဖမ်းမိသွားပြီလို့ပြောတယ်တဲ့။"

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ ဖမ်းဆီးခဲ့ချိန်မှာတော့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူမှာ ဖြစ်ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့တာပါ။

ဒုရဲမှူးမိုးရန်နိုင်ရဲ့ ထွက်ဆိုချက်အပြီးမှာပဲ ဥပဒေအရာရှိက ရဲစစ်ဆေးချက်နဲ့ တရားရုံးမှာ ထွက်ဆိုချက် မကိုက်ညီတဲ့အတွက် မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် သတ်မှတ်ဖို့ လျှောက်လဲခဲ့တာပါ။ တရားလိုဘက်က လျှောက်လဲချက်အပေါ် ၂ ဘက်ရှေ့နေတွေ နောက်တကြိမ်ရုံးချိန်းမှာ လျှောက်လဲဖို့ စီစဉ်ထားကြောင်းလည်း အကျိုးဆောင်ရှေ့နေ နောက်တဦးဖြစ်တဲ့ ဦးသန်းဇော်အောင်က ပြောပါတယ်။

" ရဲဆီမှာ ထွက်ထားတဲ့ ထွက်ချက်တွေနဲ့ တရားရုံးမှာ ထွက်ထားတဲ့ ထွက်ချက်တွေ ကွဲလွဲချက်ရှိတာတွေကို ရာဇဝတ်ကျင့်ထုံး ၁၆၂အရ တိုက်ဆိုင်စစ်ဆေးတယ်။ နောက်တခါ အခုနောက်ဆုံး ကျနော်တို့ပြီးသွားတဲ့အဆင့်က ဘာလဲဆိုတော့ ဥပဒေအရာရှိဘက်က ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေဖြစ်ကြောင်း ကြေညာဖို့အတွက် လျှောက်တယ်။ အဲ့ဒီ့ဟာကို ကျနော်တို့က ကန့်ကွက်ထားတဲ့အတွက် လာမယ့်ရုံးချိန်း နှစ်ဘက် လျှောက်လဲချက်ပေးရမယ်။ အဲ့တာကို ရုံးက ကြားနာမယ်ပေါ့။"

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ် မောင်တော - ဘူးသီးတောင်ဒေသက လုံခြုံရေး တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ တပ်ဖွဲ့ဝင်တွေကို ချဉ်းကပ်ပြီး တပ်ဖွဲ့နဲ့သက်ဆိုင်တဲ့ လုံခြုံရေး စာရွက်စာတမ်းတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့လို့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို စွဲချက်မတင်ဘဲ ပလပ်ဖို့ လျှောက်ထားခဲ့တာကိုလည်း ပြီးခဲ့တဲ့ ရုံးချိန်းမှာ တရားသူကြီးကပယ်ချက်ခဲ့ပါသေးတယ်။

တရားလိုပြသက်သေ ၂၅ ယောက်တင်ပြထားခဲ့ပြီးတော့ ၁၈ ယောက်ကို စစ်ဆေးပြီးဖြစ်ပါတယ်။ လာမယ့် ၁၅ ကြိမ်မြောက် ရုံးချိန်းကို သောကြာနေ့မှာ ထပ်မံချိန်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG