သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးခေါင်းဆောင်များနဲ့ အတူ သမ္မတ ၊ ဒေါ်စု နဲ့ ကာချုပ် တွေ့ဆုံ


နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲကို ဒီကနေ့ နေပြည်တော်က သမ္မတ အိမ်တော် မှာ ကျင်းပပြီး နိုင်ငံရေးခါင်းဆောင် ၁၄ ဦးတို့က မြန်မာနိုင်ငံမှာ အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ သတင်းရယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

အမျိုးသားနိုင်ငံရေးမှာ အရေးပါတဲ့ အစုအဖွဲ့ ၅ စု က ခေါင်းဆောင် ၁၄ ရဲ့ ဆွေးနွေးပွဲ ကို ဒီကနေ့ မနက်ပိုင်း နေုပြည်တော် သမ္မတ အိမ်တော် မှာ ဆွေးနွေး ခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲ ဟာ နိုင်ငံရေး အင်အားစု ပြီးတော့ အစိုးရနဲ့ စစ်တပ် အကြား ညှိယူရမယ့် ကိစ္စတွေကို အမြင်ခြင်း ဖလှယ်ဆွေးနွေး တဲ့ တွေ့ဆုံပွဲဖြစ် တာကြောင့် ရလာဒ်ပိုင်း ထွက်ပေါ်လာတယ် ဆိုတာထက် အမြင် သဘောထားတွေကို အသားပေး ဆွေးနွေးခဲ့ကြတာ တွေ့ရတယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ နိုင်ငံရေး ပါတီ က ခေါင်းဆောင်တွေက အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဖို့ တိုက်တွန်း ခဲ့တာကို တွေ့ရတယ်လို့ သူကပြောပါတယ်။

" အခြေခံဥပဒေက ပြင်ကိုပြင်ရမယ်၊ ကျနော်တို့ပြောတာက ဒီမိုကရေစီ အခြေခံ ဥပဒေကို ပြင်ပြီးမှသာလျှင် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ကို ရောက်အောင် သွားနိုင်မှာဖြစ်တယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဖို့ လိုပါတယ်။ ဒါလောက်ပဲ ပြောပါတယ်။ တချို့ပုဂ္ဂိုလ်တွေလည်း အခြေခံဥပဒေကို ဦးရွှေမန်းက အသစ် ရေးလို့မရဘူး။ ပြင်ရမယ်။ ဥပဒေဘောင် ထဲ ပြင်ရ မယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်းပဲ ဟုတ်တယ်၊ နိုင်ငံ တည်ငြိမ်ရေး အတွက် အခြေခံ ဥပဒေကို လွှတ်တော်ထဲကပဲ ပြင်ဖို့ ပြောထားတယ်ဆိုတာ ပြောသွားတယ်။ အဲ့လောက်ပဲလေ။ အခြေခံဥပဒေပေါ်မှာ အဲ့လောက်ပဲ ရှိတယ်။"

သမ္မတ ပြောခွင့် ရှိသူ ဦးရဲထွဋ်ကတော့ ဒီကနေ့ ဆွးနွေးပွဲ ကနေ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ အပါအဝင် တိုင်းပြည်မှာ အရေးပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေကို အသားပေးဆွေးနွေးနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။


" ဒီမှာကတော့ ကျနော်တို့က သဘောတူညီချက်နဲ့ မူတွေကို အားလုံး သဘောတူကြ တာပေါ့ဗျာ။ အဓိက အားလုံးက သဘောတူပြီးမှ ပြောတဲ့ကိစ္စတွေကတော့ ဥပမာ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနဲ့ပဲ ဖြေရှင်းဖို့ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ဥပဒေနဲ့အညီ လွှတ်တော် ထဲမှာပဲ ဆောင်ရွက်ကြ ဖို့ နောက်တခါ ယုံကြည်မှုတည်ဆောက်ရေး ဒါအရေးကြီးလို့ အောင်မြင်အောင် လုပ်ဖို့ ၊ နောက် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ထိုးနိုင်အောင် လုပ်ကြဖို့ နောက်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် လုပ်ကြဖို့ အဲ့ ဒီလိုကိစ္စတွေကို အားလုံး သဘောတူပြီးမှ တော်တော်ပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

အစောပိုင်းကာလ က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ ၄ ပွင့် ဆိုင်ဆွေးနွေးပွဲကို ခွင့်မပြုပဲ အခြား ခေါင်းဆောင်တွေ ပါ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖန်တီးလာတဲ့ အပေါ်မှာ ဝေဖန်မှု အချို့ ရှိခဲ့တာနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က အခုလို ပယ်ချခဲ့ပါတယ်။

" အဓိပါယ်မဲ့ မှန်းဆပြောကြားချက်တွေကို ကျနော်တို့ လုံးဝ ပယ်ချပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ချင်ပါတယ် လို့ပြော ကတည်းကိုက ကျနော်တို့က အကြောင်းပြန်ခဲ့ပြီးဖြစ်ပါတယ်။ နံပတ်တစ်-လေးယောက်တည်းတင်မကဘူး။ အမျိုးသားနိုင်ငံရေး အင်အားစု တွေ ပါနိုင်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ ဆွေးနွေးမယ်ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်လို့ လေ့လာနေတဲ့ ကော်မတီ လည်း ရှိသေးတယ်။ သူတို့ပြီးအောင် စောင့်သင့်တယ်လို့ ကျျနော်တို့ ပြောခဲ့တယ်။ အဲ့ဒီ့အတိုင်းပဲ အဲ့ဒီ့ကော်မတီက လုပ်ငန်းပြီးသွားလို့ သူ့ရဲ့ အစီရင်ခံစာ တင်လိုက်ပြီ။ တဖက် ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကလည်း တော်တော်လေး ခရီးရောက်လာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဆွေးနွေးပွဲကို ကျင်းပတာပါ။ ဘာ အိုဘားမား ခရီးစဉ်အတွက်မှ ရည်ရွယ်ပြီးတော့ လုပ်တာမဟုတ်ပါဘူး။"

ဒီကနေ့ တွေ့ဆုံပွဲမှာတော့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း တစ်ခါမှ တွေ့ဆုံခဲ့ဖူးခြင်း မရှိတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင် နဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ဆက်ဆံရေး အတော်လေး ပြေလည်တဲ့ မြင်ကွင်း မျိုးတွေ မြင်တွေ့ခဲ့ရတယ်လို့ လည်း အဲဒီ တွေ့ဆုံပွဲမှာ ကိုယ်တိုင် သွားရောက် သတင်းယူတဲ့ 7 days သတင်းစာ ရဲ့သတင်းထောက်ချုပ် ကိုအောင်သူရ က ပြောပါတယ်။

"အရင်ဆုံးတော့ ဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့က အရင်ဆုံး ရောက်လာတာပေါ့။ ပြီးတော့ သမ္မတက လမ်းလျှောက်ပြီး လာတယ်ပေါ့။ လာပြီးတဲ့အချိန်မှာ တခြားခေါင်းဆောင်တွေ ဒီလိုပဲ လာကြ၊ လာကြတယ်။ လာကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ မှာ ဒေါ်အောင်ဆန်းစုကြည်က မျက်နှာကတော့ ခပ်တည်တည် အနေအထားနဲ့ လာတယ်။ လာပြီး လက်ဆွဲ နုတ်ဆက်ပြီးတော့ သမ္မတကြီးက သူက တခြားလူတွေကိုတော့ အဆောင်ထဲရောက်အောင် လိုက်မပို့ပေး ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ အဆောင်ထဲ ရောက်အောင် လိုက်ပို့တာ တွေ့ရတယ်။ နောက်ပြီးတော့ တပ်ချုပ်နဲ့ ဒေါ်စု လက်ဆွဲနုတ်ဆက်ကြတယ်။ နောက် ဒုချုပ်နဲ့ ဒေါ်စု လက်ဆွဲ နုတ်ဆက်ကြတယ်။ ပြုံးပြုံးရွှင်ရွှင်လေး တွေ့ရတယ်ပေါ့နော်၊ အဲ့တာလေးတွေတော့ တော်တော်လေး ထူးခြားတယ်လို့ ယူဆရတာပေါ့။

ဒေါ်အောင်ဆန်းစုကြည်က သူ သိပ်ပြီးတော့ ထွေထွေထူးထူး မပြောပဲနဲ့ တပ်မတော်နဲ့ သူနဲ့ကြားမှာ အမြင်မတူ တာတွေရှိတယ်။ ရှိပေမဲ့လည်း သူ တပ်မတော်ကို ချစ်ပါတယ် ဆိုတာ သူပြောလိုက်တယ်ပေါ့။ ပြောလိုက်တာကို တပ်ချုပ်နဲ့ ဒုချုပ်က တော်တော်လေး သဘောကျသွားပုံရတယ်။ ကျသွားပုံရပြီး သမ္မတအိမ်တော် ဆွေးနွေးတဲ့ ငုဝါဆောင်ကနေ ထမင်းစားတဲ့နေရာကို တပ်ချုပ်နဲ့ အတူတူတွဲ သွားကြတယ်။ နောက် စကားပြောကြ၊ ရယ်ကြ၊ မောကြ ပေါ့နော်။ အဲ့တာလေးတွေ တွေ့ရတယ်။ "

အခုဆွေးနွေးပွဲ မတိုင်ခင်မှာပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ဝါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

XS
SM
MD
LG