သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံထားရသူ ၃၀၀ ကျော် အင်းစိန်ထောင်မှ လွတ်မြောက်


ဖမ်းဆီးခံရသူများအတွက် ရှေ့နေများကူညီ
ဖမ်းဆီးခံရသူများအတွက် ရှေ့နေများကူညီ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၃၀၀ ကျော်ကို ဒီကနေ့ ပြန်လွတ်ပေးလိုက်တဲ့ တချိန်ထဲမှာဘဲ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့နဲ့ မလွတ်မြောက်သေးတဲ့ သူတွေအတွက်လည်း ဥပဒေဆိုင်ရာ အခွင့်အရေးတွေ ဆက်လက်ရရှိဖို့ ရှေ့နေအဖွဲ့အစည်း အသီးသီးက အခမဲ့ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်မြို့က ပေးပို့ထားတဲ့သတင်းကိုတော့ မခင်ဖြူထွေးက ပြောပြပေးမှာပါ။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလုပ်ရင်း အခုလအစောပိုင်း ဖမ်းဆီခံရသူတွေထဲက ၃၂၂ ယောက်ဟာ အင်းစိန်ထောင်ကနေ ဒီကနေ့ မတ်လ ၂၆ ရက်မှာ လွတ်မြောက် လာပါတယ်။

ဆန္ဒပြပွဲမှာပါဝင်လို့ ဖမ်းဆီးခံရသူတွေ ချုပ်မိန့်ရီမန် ပေးတဲ့ကိစ္စနဲ့ တရားစွဲတင်တဲ့ ကိစ္စတွေကို အကျဉ်းဦးစီးဌာနအတွင်း မြို့နယ်အလိုက် ဖွင့်ထားတဲ့ တရားခွင်တွေမှာပဲ လုပ်ဆောင်သွားဖို့ရှိပြီး ဒီကိစ္စတွေအတွက် ရှေ့နေတွေက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေကြောင်း အထက်တန်း ရှေ့နေတဦးဖြစ်သူ ဦးမျိုးမြင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့က ပါဝါကျဖို့အတွက် ဆက်ပြီးစောင့်နေတဲ့ဟာတွေ လက်ရှိလုပ်တယ်၊ တချို့ပါဝါကျတဲ့သူတွေကို ရီမန်နဲ့ ဆက်ချိန်းတာ မျိုးတွေကို ကျနော်တို့က အဲဒီလူတွေကို တွေ့ခွင့်ရဖို့ အဲဒီလူတွေကို ဘယ်နေ့အတည်ချိန်းလဲဆိုတာ တွေ့ခွင့်ရဖို့ အကျဉ်းဦးစီးထဲမှာ ယာယီတရားခွင်တွေ ဖွင့်ထားပေးတယ်၊ သက်ဆိုင်ရာ မြို့နယ်အလိုက်ပေါ့လေ။ ဖွင့်ထားတာကို ကျနော်တို့က သက်ဆိုင်ရာ တရားသူကြီးဆီမှာ ရီမန်ပေးတာတွေ အဲဒါတွေ ကျနော်တို့ ဆွေးနွေးတာရှိတယ်၊ တချို့ တရားသူကြီးတွေကတော့ ပုဒ်မစွဲတင်တာတွေ စလုပ်တယ်ပေါ့။ အဲဒါကတော့ လက်ရှိလုပ်နေတာရယ် ကျနော်တို့ ကူညီဆောင်ရွက်ပေးတာရယ် ဖြစ်ပါတယ်ခင်ဗျ။”

တရားစွဲတင်ခံရသူတွေကို အကျဉ်းဦးစီးဌာနထဲမှာ ယာယီဖွင့်ထားတဲ့ တရားရုံးတွေမှာပဲ တရာစွဲဆိုသွားမယ်ဆိုရင် ခုခံချေပတာတွေကို လုပ်ပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

“ အခုလောလောဆယ် အပြင်မှာ ပုံမှန်တရားရုံးမှာ စစ်ဖို့အတွက်တော့ နည်းနည်းလေး ခက်ဦးမယ်လို့ တွေ့ပြီးတော့ အကျဉ်းဦးစီးထဲက ယာယီတရားရုံးမှာပဲ လိုက်ကာလေးတွေ ကန့်ပြီးတော့ပဲ ထားထားတော့၊ ကျနော်တို့က သူတို့အတွက်ကို ဆက်ပြီး ခုခံချေပတဲ့ကိစ္စ အမှုရင်ဆိုင် ပေးသွားမှာ ဖြစ်ပါတယ်။”

ဖမ်းဆီးခံရသူဟာ ရဲစခန်းမှာရှိနေလား၊ ဘယ်ရဲစခန်းက ဖမ်းသွားတာလဲ၊ ပြီးရင် အကျဉ်းဦးစီးကို ပို့လားဆိုတာကို ရှေ့နေတွေက အရင်ဦးဆုံး စုံစမ်းကြရပါတယ်။ အကျဉ်းထောင်မှာ ရှိတယ်ဆိုတာ သေချာပြီဆိုရင် အင်းစိန်အကျဉ်းထောင်နဲ့ ရွှေပြည်သာ စစ်အကျဉ်းထောင် နှစ်ခုလုံးမှာ ကိုယ်နဲ့သက်ဆိုင်သူ ရှိ၊ မရှိ ထောင်ထဲပစ္စည်းသုံးလေးခါ ပို့ကြည့်ပြီး အတည်ပြုချက် ရယူတဲ့ နည်းလမ်းကို အသုံးပြုကြ ပါတယ်။

ထောင်ထဲမှာ ရှိတယ်ဆိုရင် သူတို့ကို ပုဒ်မတပ်ထားတာ ရှိ၊ မရှိနဲ့ ဖမ်းဆီးခံရတဲ့နေ့၊ ကာယံကံရှင်နာမည်၊ မိဘနာမည် ဒါတွေကို ပူးတွဲပြီး အကျဉ်းဦးစီး အရာရှိကို စိစစ်ခိုင်းရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ရက်တွေမှာတော့ ဖမ်းဆီးခံရသူ အားလုံးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က နဲ့အမှုစွဲပြီး သက်ဆိုင်ရာ တရားရုံးတွေမှာ ရှေ့နေကိုယ်စားလှယ်လွှဲစာ ( ရှေ့နေပါဝါ) တင်ပေးရပါတယ်။

ဖမ်းဆီးခံရသူတွေအတွက် ရှေ့နေအခမဲ့ လိုက်ပါဆောင်ရွက်နေတဲ့ သင့်အတွက်ရှေ့နေများအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးက လည်း သူတို့ကူညီပေးနေတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“ ဒီမှာ ဖမ်းဆီခံရတာတွေရှိပြီး ကတည်းက တောက်လျှောက်ရှိနေတယ်၊ အဲဒီမှာ လာ ကျမတို့ ချိတ်ဆက်ဆောင်ရွက်သူတွေ အာမခံ မရဘူးလို့ ဒီပုဒ်မတွေ၊ ဒီပုဒ်မတွေ အာမခံ မရဘူးဆိုပေမဲ့ ကျမတို့မှာ လူ့အခွင့်အရေးရှိတယ်၊ သူတို့မှာ ဥပဒေအရ အခွင့်အရေး ရှိနေတယ်၊ ရတယ် မရတယ် ပေးနိုင်တယ် မပေးနိုင်တယ် ဆိုတာကတော့ တရားသူကြီးရဲ့ အလုပ်ပါ။ အခုကျမတို့တွေ ကူညီ ဆောင်ရွက်ပေးလို့ အသက် ၁၈ နှစ်အောက်ကလေးတွေလည်း ပြန်လွှတ်ပေးတယ်၊ ကျမတို့ ဒီနေ့တင်တယ်ဆိုရင် နောက်နေ့ညနေကို ပြန်လွှတ်နေတယ်။”

ကူညီပေးနေတဲ့ ရှေ့နေအများစုဟာ အင်းစိန်ထောင်အရှေ့မှာပဲ အမှုလက်ခံတာ၊ တိုင်ပင်ဆွေးနွေးတာတွေ လုပ်ဆောင် ပေးနေတာပါ။

စစ်အုပ်ချုပ်ရေးကောင်စီ အာဏာရယူပြီးနောက်ပိုင်း လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းနေတာကြောင့် မတ်လ ၂၅ ရက်အထိ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး ဖမ်းဆီး၊ တရားစွဲဆိုခံရသူ စုစုပေါင်း ၂၉၀၀ ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။

........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG