သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်


လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့အတွက် ပြည်သူတွေကိုယ်တိုင်က တာဝန်တွေ ယူကြတော့မယ့် အခြေအနေကို တွေ့နေရပြီလို့ ဒီကနေ့ သရက်ထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။ ဒီမိုကရေစီ မရမချင်း လုပ်စရာရှိတာတွေကို လုပ်သွားမှာဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသွားမှာ ဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ထောင်ကလွတ်မြောက်လာပြီးနောက် သရက်မြို့နဲ့ အောင်လံမြို့တွေမှာ ကိုမင်းကိုနိုင်ကို ပြည်သူရာပေါင်းများစွာက အားရဝမ်းသာ ထွက်ပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒီအပေါ်မှာ ကိုမင်းကိုနိုင်ရဲ့ အမြင်ဘယ်လိုရှိသလဲ ဘယ်လိုခံစားရသလဲလို့ ဘန်ကောက်ရုံးက မစုမြတ်မွန်က မေးတဲ့အခါမှာ ကိုမင်းကိုနိုင်က အခုလို စဖြေပါတယ်။

“ကျနော်တို့က အထဲမှာကတော့ အကျဉ်းသားပီပီပေါ့ဗျာ လူငတ်နေတဲ့ သူတွေပါ။ အဲဒါ အခု အပြင်ထွက်လာတဲ့အခါ ကျတော့ ကြိုဆိုကြပုံတွေကို ကြည့်ခြင်းအားဖြင့်တော့ ကျနော်တို့ ခံစားခဲ့သမျှ ဒုက္ခသုက္ခတွေ အကုန်လုံးကို မေ့ပျောက်သွားပြီးတော့ အင်အားအသစ်တွေ ရတာတော့ အမှန်ပါပဲ။ အခု ပြည်သူတွေရဲ့ အနေအထားက ကျနော် ကြည့်ရတာကတော့ အပြောင်းအလဲ တစ်ခုအတွက် သူတို့ပါ ဝင်ရောက်ပြီးတော့ တာဝန်တွေ အကုန် ဝင်ထမ်းကြတော့မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ကျနော် အတိအကျ တွေ့နေရတယ်။ အခု ပြည်သူတွေက ကျနော်တို့ လမ်းတွေတလျှောက်မှာ ပြည့်သွားအောင်လို့ အားပေးကြတယ်ဗျာ။ ကြိုဆိုကြတယ်ဗျာ။ ပြီးတော့ ကျနော်တို့နဲ့ စကား အပြန်အလှန် ပြောကြတဲ့အခါမှာ အင်မတန် အားရဖို့ကောင်းတယ်။ ပြည်သူတွေကတော့ အပြောင်းအလဲကို ငတ်ငတ်မွတ်မွတ်ကြီး တောင်းတနေကြပြီ။ အဲဒီအတွက်ကြောင့် တာဝန်ရှိတဲ့သူတွေ၊ တာဝန်ရှိသူတွေ ဆိုတာကတော့ဗျာ ကျနော် မြင်ပါတယ်၊ လက်ရှိအာဏာကို ကိုင်ဆောင်ထားတဲ့ သူတွေရယ်။ ပြီးတော့ ပြည်သူလူထု ခေါင်းဆောင်တွေရယ်၊ တကယ်တမ်း ပြည်သူ့ဆန္ဒကို ဖော်ထုတ်ကြဖို့၊ ပြည်သူ့ဆန္ဒကို လိုက်လျောကြဖို့၊ အလုပ်ဖြစ်အောင်လို့ ဆက်ပြီး ညှိနှိုင်းကြဖို့တော့ လိုပြီလို့ ကျနော် မြင်တယ်။”

ဒီကနေ့မှာ ကိုမင်းကိုနိုင် လွတ်လာသလိုပဲ တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကိုကြီး၊ ကိုမြအေးတို့လည်း လွတ်လာတယ်လို့ သိရပါတယ်။ အဲဒီတော့ ကိုမင်းကိုနိုင်တို့တွေ အားလုံး ပြန် စုစည်းပြီးတော့ နိုင်ငံရေး ဆက်လုပ်ဖို့ရော အစီအစဉ် ရှိပါသလားရှင့်။ -

“ကျနော်တို့တွေက ဒီမိုကရေစီ မရမချင်း အလုပ်လုပ်ကြမှာပါ။ ကျနော်တို့ ၈၈ မျိုးဆက်ဟာ ဒီမိုကရေစီအရေးတော်ပုံကြီးကို စပြီး ဆင်နွှဲခဲ့တဲ့အထဲမှာ တပ်ဦးမှာ ကျနော်တို့ ဒေါင်းအလံကိုကိုင်ပြီးတော့ တာဝန်ယူခဲ့တဲ့သူတွေပါ။ အဲဒီတော့ မပြီးဆုံးသေးတဲ့ ကျနော်တို့ရဲ့ ဝတ္တရားတွေကို ထမ်းဆောင်ရဦးမှာပါ။ ဒါက သေချာပါတယ်။ အင်မတန် သေချာတဲ့ကိစ္စပါ။”

ထောင်ထဲမှာရှိနေတဲ့ အချိန်တွင်းမှာ အပြင်မှာဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဘယ်လောက်ထိ သိခွင့်ရှိပါသလဲရှင့်။ -

“ကျနော်တို့ ယေဘုယျပေါ့၊ ဂျာနယ်တွေတော့ ဖတ်ခွင့်ရပါတယ်။ ဂျာနယ်တွေမှာ ပါသလောက်တော့ သိတယ်။ သို့သော်လည်းပဲ ဂျာနယ်တွေဟာ လက်ရှိ အာဏာပိုင်တွေက ဆင်ဆာဖြတ်တောက်ထားတဲ့ အတွက်ကြောင့် သူတို့ဘက်ကို အသာစီးမရစေမယ့် ကိစ္စမျိုးကျရင် သူတို့ ဖြတ်တောက်ထားတယ် ဆိုတာတော့ ကျနော် ရိပ်မိတယ်။ ဆိုတော့ ကျနော်တို့က ဖြတ်တောက်ထားတဲ့ သတင်းလောက်တော့ သိရတယ်ပေါ့ဗျာ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ အခု NLD က ရွေးကောက်ပွဲ ဝင်ဖို့လည်း ပြင်နေပါပြီ။ ဧပြီလ ၁ ရက်နေ့မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ရှိနေပါတယ်။ ဒီအပေါ်မှာရော ကိုမင်းကိုနိုင် အနေနဲ့ ဘယ်လိုမျိုး သဘောထားပါသလဲရှင့်။ -

“သူတို့က တကယ်တော့ ကျနော်တို့ အမြဲပြောပါတယ်။ သူတို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ အနိုင်ရ ကိုယ်စားလှယ်တွေပါ။ သူတို့မှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ အဲဒါကတော့ လွှတ်တော်ဆွေးနွေးရေးက လာတဲ့ အသီးအပွင့်ပဲလို့ ကျနော် မြင်ပါတယ်။ ကျနော်တို့တွေက တွေ့ဆုံဆွေးနွေးရေးကို တဆာဆာ တောင်းရင်းနဲ့ နောက်ဆုံး ထောင်ထဲရောက်ရတာကိုး။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တယ်ဆိုကတည်းကိုက ကျနော်တို့ကတော့ ကျေနပ်ပြီးသားပါ။ အဲဒီ တွေ့ဆုံဆွေးနွေးရေးက အဖြေတစ်ခု ထွက်ဖို့တော့ လိုတယ်။ အခုက တွေ့ဆုံဆွေးနွေးရေး ပြီးပြီ၊ မပြီးသေးဘူး ဆိုတဲ့ တိကျတဲ့ရလဒ်မျိုးတော့ မတွေ့ရဘူး။ သို့သော် တွေ့ဆုံဆွေးနွေးရေးထဲက အသီးအပွင့်တစ်ခုတော့ သူတို့တွေ နှစ်ဦး သဘောတူညီမှုတွေ ရလာပြီးတော့ အခုလို ရွေးကောက်ပွဲ ဥပဒေကို ပြင်ပေးတာ၊ ပြင်ပေးတဲ့အပေါ်မှာ ပြန်ပြီးတော့ လိုက်လျောတဲ့ အနေအထားတွေ ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်မိုလို့လည်း မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲ ဝင်မယ်တို့ ပြောတယ်လို့ ကျနော် ယူဆပါတယ်။”

အဲဒီအပေါ်မှာရော ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘယ်လိုမျိုး ပြောချင်ပါသလဲ။ -

“ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ လိုက်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ဒါကြောင့် သူတို့ရွေးချယ်ချက် အပေါ်မှာ ကျနော်တို့က ဝိုင်းဝန်းပြီးတော့ ဆက်ပြီးတော့ အားကောင်းအောင် ဝန်းရံပေးဖို့ပဲ ရှိပါတယ်။ တစ်ခုရှိတာကတော့ မူဝါဒ ရေးရာပိုင်း ပြောကြမယ်ဆိုရင် ကျနော့်တစ်ဦးတည်း သဘောနဲ့ ကျနော် ဆုံးဖြတ်ဦးမှာ မဟုတ်သေးဘူး။ မူလအခြေခံကတော့ ဒီအတိုင်းပဲ သွားမှာပါ။ ကျန်တာကတော့ ကျနော်တို့ ၈၈ မျိုးဆက်တွေ အားလုံး ပြန်ပြီးတော့ တိုင်ပင်ကြမယ်။ ပြီးတော့ ပိုမိုသစ်လွင်တဲ့ ပိုပြီးတော့ အကျိုးရှိမယ့် လုပ်ငန်းတွေကို ကျနော်တို့ စကြမှာပါ။”

အခု ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံတကာက တောင်းဆိုနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီကနေ့ လွှတ်ပေးလိုက်တာကို တွေ့ရပါတယ်။ ဆိုတော့ ဒါဟာ လက်ရှိအစိုးရအနေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို တကယ် လုပ်နေတာပြချင်လို့ ဒီလိုမျိုး လွှတ်ပေးတယ်လို့ မြင်ပါလားရှင့်။ -

“အဲဒါက ဒီလိုရှိသေးတယ်ဗျ။ အခုက ဘယ်သူတွေ ကျန်ခဲ့လို့ ဘယ်သူတွေ လွတ်လာတယ်ဆိုတာ ကျနော်တို့လည်း စာရင်း အတိအကျ မသိသေးဘူး။ သေချာတာကတော့ ကျနော် နေခဲ့တဲ့ထောင်ထဲမှာကို နိုင်ငံရေးအကျဉ်းသားတွေ ကျန်ခဲ့သေးတယ်ဗျ။ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားလုံးအပေါ်မှာတော့ အငြင်းပွားစရာရှိတာပေါ့။ သို့သော် ကျနော်တို့ နားလည်တဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့စံနဲ့ ကြည့်မယ်ဆိုရင်တော့ ကျန်ကိုကျန်သေးတယ်။ သူတို့အတွက် ကျနော်တို့ အလုပ် လုပ်ရဦးမယ်။ လက်ရှိအစိုးရအနေနဲ့ ဒါတွေကို ဟန်ပြမဟုတ်ဘဲ တကယ် အပြောင်းအလဲ ဖြစ်ချင်တယ်ဆိုရင် အဲဒီ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ဖို့တော့ လိုသေးတယ်ဗျ။ နောက်တစ်ခုကကျတော့ ပြည်တွင်းငြိမ်းချမ်းရေး။ အင်မတန် အရေးကြီးတယ်ဗျ ဒီဥစ္စာက။ ကျနော်တို့တွေက အမေ့အိမ်ကို ပြန်ရောက်လို့ မိသားစုထမင်းဝိုင်းမှာ ဆုံနေတဲ့အချိန်မှာ မိသားစု ထမင်းပွဲတွေကို စွန့်ပြီးပြေးနေရတဲ့ တောထဲတောင်ထဲမှာ သဘာဝဘေးဒုက္ခတွေနဲ့ ကြုံနေရတဲ့ ကျနော်တို့ တိုင်းရင်းသားကလေးတွေကို ကျနော် အင်မတန် စာနာတယ်ဗျ။ အဲဒါကို ကျနော် အတိုင်းအတာတစ်ခုအထိ သိထားတယ်။ အဲဒီတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း ကျနော်တို့ အလုပ်လုပ်ရဦးမယ်။ နောက်တစ်ခါကျတော့ ဒီအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်ချင်တယ် ဆိုတဲ့အပြောတွေကတော့ ကျနော် ရွှန်းရွှန်းဝေအောင် ကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာကလည်း ခက်တာက သုမဏကျောမှာ ဒဏ်ရာတွေနဲ့ ဆိုတာလိုဖြစ်နေတယ်။ ကျနော်တို့ အတွေ့အကြုံက သံသယကိုပဲ ပြဌာန်းထားတယ်ဗျ။ အဲဒီတော့ တစ်ခုတော့ ရှိပါတယ်၊ ဒီသံသယတွေ အကုန်လုံးကို ကျနော်တို့က တွေ့ဆုံဆွေးနွေးမှု အောင်မြင်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ လက်နဲ့တော့ ပိတ်ထားရတာပေါ့ဗျာ။”

တဆက်တည်း မေးချင်တာက ထောင်ထဲမှာ နေရတဲ့အခြေအနေ ဘယ်လိုရှိပါသလဲ။ ကိုမင်းကိုနိုင်က အကြိမ်ကြိမ်လည်း ထောင်တွေ ကျခဲ့တယ်ဆိုတော့ ဒီတစ်ကြိမ် ထောင်ထဲမှာ နေရတဲ့အခြေအနေကို သိပါရစေ။ -

“ကျနော်တို့ အရင်ကထက်စာရင်တော့ အကျဉ်းထောင်တိုင်းဟာ အရင်ထက်သာအောင် သူတို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာကတော့ သူတို့ရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်အခြေအနေတို့၊ လုံခြုံရေး အခြေအနေတွေအရတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ မီအောင်တော့ မလုပ်နိုင်သေးဘူးပေါ့ဗျာ။ သို့သော် သူတို့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက်တော့ သက်ဆိုင်ရာတွေက စိတ်အားထက်သန်မှု ရှိတာကိုတော့ ကျနော်တို့ ယေဘုယျလောက်တော့ တွေ့ရပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်လည်း ကျနော်တို့ ဆက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ အခွင့်အရေး ရဖို့ရယ်၊ ဆက်ပြီးလွတ်ဖို့ရယ် ကျနော်တို့ လုပ်ရဦးမှာကိုး။”

သရက်ထောင်ကနေ ဒီနေ့ မနက်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၇ ခုနှစ် သြဂုတ်လတုန်းက လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုအပေါ် ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ် ၆၅ နှစ် ချခံခဲ့ရပြီး ထောင်ဒဏ် ၄ နှစ်ကျော်မှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG