သုံးရလွယ်ကူစေသည့် Link များ

လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ သဘောထား

  • မသင်းသီရိ

အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီနဲ့ မနီလာသိန်း တို့ကို မိသားစုနဲ့ မိတ်ဆွေများ လာရောက်နှုတ်ဆက်နေကြစဉ်။ (ဇန်န၀ါရီလ ၁၃၊ ၂၀၁၂)

လက်ရှိ မြန်မာ့နိုင်ငံရေးဟာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစပျိုးလာပြီလို့ ဒီနေ့ လွတ်လာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တချို့က သုံးသပ်သလို ကမ္ဘာကလက်ခံတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့လည်း ၀ိုင်းပြီးတော့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ဒီကနေ့ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။

နိုင်ငံတ၀ှမ်းမှာရှိနေတဲ့ အကျဉ်းထောင်တွေကနေ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား အများစု ဒီကနေ့ လွတ်လာတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လုံးဝမရှိဘူးလို့ တောက်လျှောက် ငြင်းခဲ့တဲ့ မြန်မာအစိုးရရဲ့ အသိသာဆုံး ပြုပြင်ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ လက်ရှိ မြန်မာအစိုးရအနေနဲ့ ဒီလိုအပြောင်းအလဲတွေရှိမှ အားလုံးက လက်ခံမယ်ဆိုတာကို နားလည်လာတာကြောင့်ရော၊ ကမ္ဘာကလက်ခံတဲ့ မြန်မာ့နိုင်ငံရေး ဖြစ်ဖို့ကိုပါ အားလုံးဝိုင်းဝန်း ကြိုးစားဖို့လိုမယ်လို့ ဘူးသီးတောင် ထောင်ကနေ ဒီကနေ့လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောပါတယ်။

“ပြည်တွင်းမှာလည်း မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့အားလုံး ၀ိုင်းပြီးတော့ တွန်းနေကြတယ်။ တကယ့်ကို ကောင်းမွန်တဲ့။ အပြောင်းအလဲကြီးမျိုးပေါ့လေ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ကမ္ဘာက လက်ခံတဲ့နိုင်ငံရေး အခြေအနေမျိုး ဖြစ်သင့်ပြီပေါ့လေ။ အဲဒီ ဖြစ်သင့်တဲ့လမ်းကြောင်းကို လုပ်လာတဲ့အပေါ်မှာတော့ ဖိအားတစ်ခုကြောင့် ဆိုတာထက် အသိတရား တစ်ခုနဲ့တုံ့ပြန်တယ်လို့ ကျနော်တို့ ပိုပြီးတော့ မျှော်လင့်ချင်ပါတယ်။”

ဘူးသီးတောင်ထောင်ကနေ ကိုဌေးကြွယ် အပါအ၀င် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးမှုနဲ့ ထောင်ကျနေတဲ့ လူငယ်တွေအပြင် အလုပ်သမား အခွင့်အရေးအတွက် လှုပ်ရှားလို့ အကျဉ်းကျနေသူတွေပါ ဆိုရင် အားလုံးပေါင်း ၉ ယောက် ဒီကနေ့ လွတ်ပါတယ်။ ဒါပေမဲ့ ဖောက်ခွဲမှုနဲ့ အကျဉ်းကျနေတဲ့သူတစ်ဦးတော့ ကျန်ခဲ့တယ်လို့ ပြောပါတယ်။

တောင်ကြီးထောင်ကနေ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ကတော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းရဲ့အစလို့ သုံးသပ်ပါတယ်။

“ကျနော်တို့ ၈၈ တွေကတော့ နဂိုကတည်းက ပြောခဲ့တာက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး။ ဒီလမ်းကြောင်းပေါ်မှာ ကျနော်တို့ လျှောက်နေတာပေါ့ဗျာ။ အခုဟာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် လုပ်ငန်းဆောင်တာ ကိစ္စတချို့ဟာ အစပျိုးလာပြီလို့ ယူဆမိပါတယ်။ ရှေ့ဆက်ပြီးတော့ ကျနော်တို့ တွန်းအားပေးသွားဖို့ လိုပါတယ်။ အဓိက ကတော့ ကျနော်တို့ ၂၀၀၈ ခုနှစ် အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံဟာ အဓိက ပြဿနာလို့ ကျနော် မြင်ပါတယ်။ ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြုပြင်ဖို့ ဖြည်းဖြည်းချင်း ကျနော်တို့ လုပ်သွားရမယ်လို့ မြင်တယ်။”

ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားတွေက ပံ့ပိုးရပ်တည်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

“အရေးကြီးဆုံးတစ်ခုကတော့ ဘာလဲဆိုတော့ အခုဖြစ်ပေါ်လာတဲ့ ကိစ္စတွေ အကုန်လုံးဟာ တွေ့ဆုံဆွေးနွေးပွဲရဲ့ ရလဒ်လို့ ကျနော်တို့က သတ်မှတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီးတော့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေအတွက်ကို ကျနော်တို့က ၀ိုင်းရံပြီးတော့ ထောက်ခံ လုပ်ကိုင်ပေးသွားမှာ ဖြစ်ပါတယ်။”

ကိုဂျင်မီ၊ ကိုမြအေးတို့လို တောင်ကြီးထောင်ကနေ လွတ်လာတဲ့ အားကစားသတင်း အယ်ဒီတာဟောင်း ဦးဇော်သက်ထွေး ကတော့ -

“လူတွေ ကျန်သေးတယ်လို့ ကျနော် ကြားတယ်ခင်ဗျ။ အဲဒီအတွက်တော့ ကျနော် စိတ်ထဲမှာ ကသိကအောက် ဖြစ်ရတယ်။ ဒါကြောင့်မို့ ကျနော်တို့က ကျန်ခဲ့တဲ့သူတွေ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရေး ရေစီးကြောင်းထဲ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေကြတဲ့အထဲ ဖောက်ခွဲမှုတွေနဲ့ စွပ်စွဲခံရပြီး အကျဉ်းကျနေသူတချို့ မလွတ်လာကြသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသူ မနီလာသိန်းကတော့ -

“အခု မလွှတ်ပေးသေးတဲ့သူတွေကို ဘာကြောင့် မလွှတ်သေးလဲတော့ မပြောဘူးပေါ့နော်။ အခုကျန်ခဲ့တဲ့ ညီမလေး မစမ်းစမ်းမော်၊ အမေ ခင်ရီ တို့ဆိုရင် ဖောက်ခွဲမှုထဲ ပါတယ်ပေါနော့်။ ဒီလိုမျိုး အကြောင်းအရာတွေ ပါလို့ မလွှတ်ဘူးလို့ သူတို့ရင်ထဲမှာ ယူဆကြတယ်။ ဒါပေမဲ့ ကျမကတော အဲဒီလို မယူဆပါဘူး။ ကျမကတော့ ကျမတို့ ရဲဘော်တွေအားလုံးဟာ ပုံစံမျိုးစုံနဲ့ သွားနေကြတယ်။ အခုလိုမျိုး အခြေအနေ အချိန်အခါမှာ ကျမတို့ ရဲဘော်တွေအပေါ်မှာ အငြိုးအတေး အာဃာတ၊ သံသယတွေ လုံးဝမရှိဘဲ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကို ကျမ လိုလားပါတယ်ရှင့်။”

သာယာဝတီထောင်နေ ဒီကနေ့ ပြန်လည် လွတ်မြောက်လာတဲ့ မနီလာသိန်း ဖြစ်ပါတယ်။ ဖားအံထောင်ကတော့ ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၈ ဦး လွတ်ပါတယ်။ ဒီအထဲမှာပါတဲ့ ဘလော့ဂါသမား ကိုနေဖုန်းလတ်ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကားရပ်နဲ့အညီ ဖြစ်လာတဲ့ အခုလွတ်မြောက်မှုတွေကို ကြိုဆိုသလို အပြောင်းအလဲတွေ ရှိနေတဲ့ မြန်မာ့နိုင်ငံရေးကြောင့် မကြာခင်လွတ်မယ် ဆိုတာကို မျှော်လင့်ခဲ့ကြတယ်လို့ ပြောပါတယ်။

“တကယ်တော့ ဇန်န၀ါရီ ၄ ရက် ကိစ္စနဲ့ ပတ်သက်ပြီးတော့ နည်းနည်း စိုးရိမ်စိတ် ၀င်တာပေါ့နော်။ ဒါပေမဲ့ အခုတစ်ခေါက် ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ၄၀၁ အပိုဒ် (၁) ကိစ္စတော့ နည်းနည်း ပြဿနာ ရှိတာပေါ့နော်။ လက်မှတ်တော့ မထိုးခဲ့ရဘူးခင်ဗျ။ ကျနော်တို့ကို ဖတ်ပြတယ် ဒါကို။ သမ္မတရဲ့ အမိန့်ကြေညာချက် လွတ်တဲ့သူတွေ သိစေရန် ဆိုပြီးတော့ ကျနော်တို့ကို ဖတ်ပဲဖတ်ပြတယ်။ လက်မှတ်တော့ မထိုးခိုင်းဘူး။ သမ္မတကြီးနဲ့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွေ့တဲ့အချိန်ကတည်းက ကျနော်တို့ လွတ်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး အများကြီး ထားခဲ့တယ်လေ။ အဲဒီအချိန်ကတည်းက တောက်လျှောက်လည်း ကျနော်တို့ ပြင်ဆင်ခဲ့တယ်ဗျာ။ ထောင်ထဲမှာ အသားလွတ်မနေဘဲနဲ့လေ။ ကျနော်တို့ အမြဲတမ်း လေ့လာတယ်။”

ဘလော့ဂါသမား ကိုနေဖုန်းလတ် ဖြစ်ပါတယ်။

တရားမ၀င် ပုံနှိပ်အက်ဥပဒေတွေ၊ အီလက်ထရောနစ်လို ပုဒ်မတွေနဲ့ကျနေတဲ့ သတင်းထောက်တွေလည်း ဒီကနေ့ အကျဉ်းထောင်တွေကနေ လွတ်ကြပါတယ်။ မနေ့က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အကျဉ်းသား ၆၅၁ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ အစိုးရက ကြေညာခဲ့သလို ဒါဟာ လက်ရှိသမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရ လက်ထက်မှာ စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG