သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကျန်နိုင်/ကျဉ်း အကုန်လွှတ်ပေးမည်


နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်း။
နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်း။
တနင်္ဂနွေနေ့ကကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေး ကော်မတီ ရဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို အတည်မပြုနိုင်သေးပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမကျန်အောင် လွှတ်ပေးမယ်လို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ကတိပေး လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ခံဝန်ချက်ပေးရသလိုဖြစ်နေတဲ့ ပုဒ်မ (၄၀၁) နဲ့ လွှတ်ပေးထားသူတွေ ကို အစိုးရက ထပ်ပြီးအရေးယူမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေးကော်မတီက ဇွန်လ ၁၆ ရက်နေ့မှာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ (၄) ကြိမ်မြောက် အစည်းအဝေးလုပ်ခဲ့တာပါ။ ဒီအစည်းအဝေး အပြီးမှာ နိုင်ငံရေးအကျဉ်းသားများ အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ကော်မတီထဲမှာပါနေတဲ့ အာဏာပိုင်တွေကို သူတို့လက်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့စာရင်းတွေ ပေးလိုက်ပြီး၊ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းပြုစုဖို့ ဆွေးနွေးခဲ့တယ် လို့ နိုင်/ကျဉ်း စိစစ်ရေး ကော်မတီဝင်လည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးရဲအောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“အစည်းအဝေးမှာက ကျနော်တို့က စာရင်းဇယားတွေက ပထမတခါတုန်းက တတိယအစည်းအဝေးမှာ ပေးထားတဲ့စာရင်းဇယား အပေါ်မှာ၊ အယောက် ၂၀၀ အပေါ်မှာတော့ ကျနော်တို့အဖွဲ့တွေ အနေနဲ့ ကျနော်တို့တင်ပြထားတဲ့ စာရင်းတွေကိုတော့ ကျနော်တို့ အကြံပြုလိုက်ပါတယ်။ ဒီလူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် ကျနော်တို့ သတ်မှတ်တယ် ဆိုတဲ့ဟာပေါ့နော်။”

လက်ကျန် နိုင်ငံရေး အကျဉ်းသား စာရင်းကို တနင်္ဂနွေနေ့ အစည်းအဝေးမှာ အတည်မပြုနိုင်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတရုံးဝန်ကြီးလည်း ဖြစ်တဲ့ ဦးစိုးသိန်းက မြန်မာနိုင်ငံ တနှံတလျား အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး ခေါင်းစဉ်အောက်မှာ ထောင်ကျခံနေ ရသူတွေကို တစ်ယောက်မှမကျန်တဲ့အထိ လွှတ်ပေးမယ်ဆိုပြီး အစည်းအဝေးမှာ ကတိပေးလိုက်တဲ့ အကြောင်း ကော်မတီအဖွဲဝင်လည်းဖြစ်၊ ကိုယ်တိုင် လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်တဲ့ မြန်မာအမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

“အခု ၂၀၁၃ ခုနှစ်အတွင်းမှာ သုညအဆင့်အထိ မရောက်တောင် သုညအဆင့်နီးပါးအထိ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မကျန်တော့လောက်တဲ့အထိ လွတ်မြောက်စေဖို့ရာအတွက် သူ ကြိုးစားမယ်လို့ ပြောပါတယ်။”

အရင်စစ်အစိုးရလက်ထက်က နိုင်ငံရေးတက်ကြွလှုပ်ရှားလို့ ထောင်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးသာမက အခု စစ်အစိုးရတဖြစ်လဲ အရပ်သား အစိုးရ လက်ထက်မှာ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြလို့ ပုဒ်မ (၁၈) နဲ့ ထောင်ကျ ခံရသူတွေ၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေတဲ့ အမှုလို့ခေါ်တဲ့ ပုဒ်မ (၅၀၅/ခ) နဲ့ ထောင်ချခံရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ဖို့ သူတို့ရဲ့အမည်တွေကို အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ဦးရဲအောင်က ပြောပါတယ်။

“ကျနော်တို့ ပုဒ်မ (၁၈) နဲ့ရော၊ ပုဒ်မ (၅၀၄/ခ) နဲ့ရော ထောင်ကျခံရတဲ့ သူတွေ၊ ထောင်ကျသွားတဲ့သူတွေစာရင်းကို ကျနော်တို့သတ်မှတ်ထားတဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့စာရင်းမှာ ကျနော်တို့ထည့်ပြီးတော့ တင်ပေးလိုက်ပါတယ်ခင်ဗျ။”

နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရိုးရိုးအကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရောပြီးလွှတ်တဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ (၄၀၁) တပ်ပြီးလွှတ်တဲ့ကိစ္စတွေလည်း ရှိနေပါတယ်။ ပုဒ်မ (၄၀၁) ဟာ လက်ကျန်ထောင်ဒဏ်တွေကို မှတ်ထားတာဖြစ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို လိုသလို ပြန်ပြီးဖမ်းနိုင်တဲ့ ပုဒ်မတစ်ခုလည်း ဖြစ်နေပါတယ်။ ဒီ ပုဒ်မ (၄၀၁) ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဝင်တွေက ကော်မတီဥက္ကဋ္ဌ ဦိးစိုးသိန်းကို တင်ပြကြတဲ့အခါမှာ၊ ဦးစိုးသိန်းက နောက်ပိုင်းမှာ ပုဒ်မ (၄၀၁) ကိစ္စ ပယ်ဖျက်ဖို့ကို လွှတ်တော်နဲ့သာ ညှိနှိုင်းရမှာဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်က (၄၀၁) နဲ့ ထပ်ပြီး အရေးယူတာတွေ မလုပ်ဘူးလို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောပြီးဖြစ်တဲ့ အကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

“(၄၀၁) ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီနေ့ပွဲမှာ ပြောတာဆိုတာလေးတွေ ရှိပါတယ်။ (၄၀၁) နဲ့ပတ်သက်ပြီးတော့ သူတို့ဘက်ကလည်း ဘာကို အာမခံလဲ ဆိုတဲ့အခါ ကျတော့ ဒါကို သမ္မတ မိန့်ခွန်းထဲမှာလည်း ပြောထားပြီးသွားပြီပေါ့လေ။ (၄၀၁) နဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးတော့ အရေးမယူပါဘူး ဆိုတဲ့ဟာမျိုးပေါ့။ ဒါ သမ္မတရဲ့ ကတိစကားဟာ အတည်ပါပဲပေါ့။ ဒါမျိုးမလုပ်ပါဘူး ခုချိန်မှာ။ နောက်ပြီး ဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်ကြီးနေမျိုးဇင် ကို ဖြစ်သွားတဲ့ ဟာက သူတို့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြပါတယ် ခင်ဗျ။”

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲအောင်ပြောသွားခဲ့တာပါ။
နိုင်/ကျဉ်းရွေးချယ်ရေးကော်မတီ ရဲ့ လေးကြိမ်မြောက် အစည်းအဝေး အပြီးမှာ နောက်ပိုင်း နိုင်/ကျဉ်းရွေးချယ် အတည်ပြုရေးကိစ္စတွေကို ဆက်လုပ်ဖို့ တစ်လတစ်ကြိမ် အစည်းအဝေးတွေ ပုံမှန် လုပ်ဖို့ကိုလည်း ဝန်ကြီး ဦးစိုးသိန်းက ပြောခဲ့တယ်လို့ ကော်မတီ ဝင်တွေက ပြောပါတယ်။
XS
SM
MD
LG