သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံ နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာပိတ်


အစာငတ်ခံ နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာပိတ်
အစာငတ်ခံ နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာပိတ်

အင်းစိန်ထောင်တွင်းမှာ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက အောက်တိုဘာလ ၂၆ ရက်နေ့ကပြီး အစာငတ်ခံဆန္ဒပြရာမှာ အောက်တိုဘာလ ၂၈ ရက်နေမှာတော့ မိသားစုတွေနဲ့ ထောင်ဝင်စာတွေ့ခွင့်၊ ပါဆယ်ပေးခွင့်တွေကို အာဏာပိုင်တွေ ပိတ်ပင်လိုက်ပြီလို့ ဆိုပါတယ်။ အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေမာက သတင်းပေးပို့ထားပါတယ်။

အင်းစိန်ထောင်တွင်းမှာ သာမန်အကျဉ်းသားတိုင်းရရှိတဲ့ အခွင့်အရေးဖြစ်တဲ့ လျှော့ရက်ရရှိရေးနဲ့ပတ်သက်ပြီး အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာနဲ့ ပါဆယ်ပေးခွင့် အခွင့်အရေးတွေကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပိတ်ပင်လိုက်ကြောင်း ဆန္ဒပြ နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

“အခုရောက်နေတာကတော့ အရင်ကပါတယ်ဆိုတဲ့ ကိုဘိုသိန်း အမေလည်း ရောက်နေတယ်၊ ကောင်းမြတ်လှိုင် အမေလည်း ရောက်တေနတယ်။ ကောင်းမြတ်လှိုင်အမေ သွားပြီးတော့ ထောင်ဝင်စာတွေ့ဖို့ပြောတဲ့အခါမှာ ထောင်ဝင်စာတွေ့ခွင့်မပေးဘူး၊ ပါဆယ်လည်း တွေ့ခွင့်မပေးဘူး။ တွေ့ခွင့်မပေးဘူးတဲ့၊ ပိတ်ထားတယ်တဲ့။ အဲဒါပဲပြောတယ်။ ဘာဖြစ်လို့ တွေ့ခွင့်မပေးတာလဲဆိုတော့ အဲဒါ သူမသိဘူးတဲ့။ အချုပ်ခန်းဌာန ထောင်မှူးကပြောတာ။ ထောင်ဝင်စာတွေ့ဖို့ သွားစုံစမ်းတဲ့နေရာမှာ တာဝန်ယူရတဲ့ထောင်မှူး ရှိတယ်လေ။ အဲဒီထောင်မှူးက ပြောလိုက်တာ သူ မသိပါဘူးတဲ့။ အထက်က ပိတ်ထားတာလို့ ပြောတယ်တဲ့။”

အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြတဲ့ ကိုညီညီထွန်းကို ကောင်းမြတ်လှိုင်၊ ကိုဉာဏ်ထွန်းလင်း တို့ဟာ အကျဉ်းသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးတဲ့အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။ သူတို့တွေဟာ လက်ရှိ အစာငတ်ခံ ဆန္ဒပြနေမှု ရှိမရှိ အသေးစိတ် သိခွင့်ရဖို့ကတော့ ထောင်ဝင်စာတွေ့ခွင့်တွေ ပိတ်ပင်လိုက်တဲ့အတွက် အင်းစိန်ထောင်တွင်း အခြေအနေကို သိဖို့အတွက် ခက်ခဲသွားတယ်လို့ ဆိုပါတယ်။

“မစားတာတော့ မစားဘူးဗျ။ ကျန်တာကတော့ ရေဖြတ်ထားတယ်လို့ ကြားလို့ ဒီကနေ့ကတော့ ပြန်ထွက်လာတဲ့လူ မတွေ့ရသေးဘူး။ ကောင်းမြတ်လှိုင်အမေက တွေ့ခွင့်မရသေးတော့ အသေးစိတ် မသိရသေးဘူး။”

အခု ဆန္ဒပြသူတွေထဲကတချို့ဟာ ပြီခဲ့တဲ့မေလတွင်းက ဆန္ဒပြမှုမှာလည်း ပါဝင်ကြသူတွေပါ။ သူတို့တွေဟာ မေလတုန်းကတော့ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေထဲက တောင်းဆိုချက်တချို့ကို တပတ်ခန့် တောင်းဆိုမူတွေလုပ်အပြီးမှာ စစ်ခွေးတိုက်အပိတ်ခံရခြင်း၊ တိုက်ပိတ်ခံရခြင်း၊ သံခြေကျင်းအခတ်ခံရခြင်း၊ ထောင်ဝင်စာပိတ်ပင်ခံရတာတွေ ဖြစ်ပြီးတော့မှ တောင်းဆိုချက်တချို့ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေထဲက ကလေး ထောင်မှာ အကျဉ်းကျနေတဲ့ အရှင်ဂမ္ဘီရ၊ ၈၈ မျိုးဆက် ကျောင်းသားတွေထဲက တောင်ငူတောင်မှာ အကျဉ်းကျနေတဲ့ ကိုဇော်ဇော်မင်းတို့ဟာကျန်းမာရေး အခြေအနေ ဆိုးနေကြောင်း မိသားစုဝင်တွေက ပြောပြကြပါတယ်။

XS
SM
MD
LG