သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး အကျဉ်းသား ၁၄၀ ခန့် ကျန်းမာရေး ချို့တဲ့


မြန်မာ့နိုင်ငံရေး အကျဉ်းသား ၁၄၀ ခန့် ကျန်းမာရေး ချို့တဲ့
မြန်မာ့နိုင်ငံရေး အကျဉ်းသား ၁၄၀ ခန့် ကျန်းမာရေး ချို့တဲ့

မြန်မာနိုင်ငံတွင်း အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ကျန်းမာရေး ချို့တဲ့နေတဲ့ အကျဉ်းသားပေါင်း ၁၀၀ ကျော် ရှိနေပြီး သူတို့ဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကောင်းကောင်း မရကြသလို အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေလည်း ဆုံးရှုံး နစ်နာနေကြရတယ်လို့ ထိုင်း၊ မြန်မာ နယ်စပ်အခြေစိုက် AAPPB ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၀ ကျော် ရှိနေသလို လတ်တလောမှာ အကျဉ်းသားပေါင်း ၁၄၀ လောက်ဟာ ကျန်းမာရေး ချို့တဲ့တဲ့ ဒဏ်တွေကို ခံနေရတယ်လို့ AAPPB အဖွဲ့က တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ကျန်းမာရေး မကောင်းတဲ့သူရယ်လို့ ကျနော်တို့ သိထားတာတော့ ၁၄၀ ကျော်ရှိတယ်။ ဒီအထဲမှာ ကျန်းမာရေး စိုးရိမ်ရတဲ့ အနေအထားကတော့ လေးငါးဆယ်ယောက်တော့ အနိမ့်ဆုံး ရှိမယ်ထင်တယ်။ ဥပမာ ဟိုတလောကမှ ထောင်ပြောင်းလာတဲ့ ကိုနိုင်မင်းဆို သွေးကင်ဆာ ဖြစ်နေတယ်။ သူ့ကို အင်းစိန်ထောင်မှာ ထားမယ်ဆိုရင်တော့ အပြင်ဆေးရုံကိုထွက်ပြီး ကုသလို့ လွယ်တဲ့နေရာပေါ့။ အဲဒီလို နေရာမျိုးကနေ ကလေးထောင်ကို ပြောင်းရတဲ့ အခါကျတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကလည်း တော်တော်စိုးရိမ်ရပါတယ်။

“အဲဒီလိုပဲ မစန္ဒာဆိုရင်လည်း အင်းစိန်ထောင်ကနေပဲ ရပ်ဝေးထောင်ကို ပြီးခဲ့တဲ့ တပတ်၊ နှစ်ပတ်လောက်ကမှ ပြောင်းသွားတာ ရှိတယ်။ သူဆိုရင်လည်း နှလုံးနဲ့ တခြား ကျန်းမာရေး အခြေအနေတွေ ခံစားနေရတာ ရှိတယ်။ အဲဒီလိုပဲ လေဖြတ်သလို ဖြစ်နေတဲ့ ကိုအောင်သူတို့လိုမျိုး၊ နောက် ဦးသန်းလွင်တို့လို အသက်ကြီးတဲ့ သူမျိုးတွေပေါ့၊ ဒီလိုမျိုးတွေကလည်း ရှိနေပါတယ်။ ရှိနေတော့ ဒီလိုလူမျိုးတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ တော်တော်လေးကို စိုးရိမ်ရတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”

အထူးသဖြင့်တော့ ဖမ်းဆီးစဉ် ကာလတွေ အတွင်းမှာ စစ်ကြောရေးအတွင်း နှိပ်စက်ညှဉ်းပန်း ခံရမှုတွေကလည်း သူတို့အတွက် နောက်ပိုင်းမှာ ဆိုးရွားတဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို ဖြစ်စေပါတယ်။ နောက်တခါ မိသားစုနဲ့ ဝေးကွာလှတဲ့ နယ်ထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေ ဆိုရင်လည်း မိသားစုတွေက ပုံမှန်မသွားနိုင်တဲ့ အခက်အခဲတွေကြောင့် နောက်ပိုင်းမှာ အာဟာရ ချို့တဲ့မှုက ဖြစ်လာတဲ့ ရောဂါမျိုးတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေအထိ ကြုံနေရတာ ရှိတယ်လို့လည်း ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ သူတိုင်းက နှိပ်စက်ညှဉ်းပန်းမှုကို တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားရတာ ရှိတယ်။ ဒီဟာက တော်တော်ဆိုးတဲ့ အချက်ပါ။ ဒီလို နှိပ်စက်ညှဉ်းပန်းခံရတဲ့အတွက် နောက်ပိုင်းမှာ ကျန်းမာရေး အခြေအနေ ဆက်ပြီးတော့ ဆိုးသွားတာတွေ ရှိတယ်။ အဲဒီလိုမျိုး ကျန်းမာရေး အခြေအနေ ဆိုးသွားတဲ့ အခါမှာ အကျဉ်းထောင်ထဲမှာလည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ လုံလောက်တဲ့ ဆေးဝါးတွေ မရှိတဲ့ အခါကြတော့ အကျဉ်းသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ပိုပြီး ဆိုးဝါးလာတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးလံတဲ့ နေရာတွေကို ပြောင်းရွှေ့ထားတာ ရှိတယ်။ ဒီလိုပြောင်းရွှေ့တဲ့အတွက် နိုင်ငံရေး အကျဉ်းသားကိုတင် ပြစ်ဒဏ်ပေးတာ မဟုတ်ဘဲနဲ့ သူ့မိသားစုကိုပါ ရောပြီး ပြစ်ဒဏ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒီအတွက် မိသားစုရော၊ နိုင်ငံရေး အကျဉ်းသားရော ရုပ်ပိုင်း စိတ်ပိုင်းရော စီးပွားရေး အခြေအနေရော အတော် ချွတ်ခြုံကျသွားတဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ ဒါဟာ တော်တော် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အနေအထားပါ။”

AAPPB အဖွဲ့က တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည် ပြောပြခဲ့တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဆိုရင်လည်း ကျိုင်းတုံထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာဖြစ်ပြီး အခုဆိုရင် ရာသီဥတု အေးတဲ့ဒဏ်ကြောင့် သူ့ရဲ့ဇက်ကျီးပေါင်းတက်လို့ ကိုက်ခဲတဲ့ ဝေဒနာဟာ အတော်လေး ခံစားနေရတယ်လို့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ပြောပါတယ်။

“ဇက်ကျီးပေါင်းတက်တာကတော့ ပြန်ဖြစ်နေတယ်ပေါ့။ ဇက်ကျီးပေါင်းတက်တာ တောက်လျှောက်ပေါ့လေ။ အဲဒါက မသက်သာဘူး။ အဲဒါ လိမ်းဆေးလိမ်းတယ်၊ ဆေးတွေ သောက်နေတယ်။ အခုပြန်လာပြီး စာလာတာကတော့ ကျိုင်းတုံမှာ တအားအေးနေတော့ ကိုက်တာတွေ ပြန်ဖြစ်နေတယ်၊ လက်တွေ ခြေထောက်တွေ ကိုက်တာ။ အကိုက်အခဲကျတော့ ဆရာဝန်ပြောတဲ့အတိုင်း ဆေးတွေဝယ်ပြီး သောက်ရတာပေါ့။

“ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အကိုက်အခဲ ပျောက်ဆေးတွေ သိပ်မသောက်ဖို့တော့ သူ့ကို မှာထားတယ်။ အပ်ထားတဲ့ ပိုက်ဆံနဲ့ သူတို့ကို ဝယ်ခိုင်းလိုက်တာပေါ့။ ဒီကနေ ပို့ရတာ ပါဆယ်က ခက်လို့လေ။ ရေချိုးခါနီးလေးပဲ အရှေ့က ရေကန်လေးရှေ့မှာ ခဏလေးပဲ လမ်းလျှောက်ခွင့်ရတယ်။ အထဲမှာ လမ်းလျှောက်ရတာတွေ ဘာတွေ မရှိဘူး။ အပြင်မှာ အားကစားတွေ ဘာတွေလည်း လုပ်ခွင့် မရှိဘူး။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကို အမဖြစ်တဲ့ ဒေါ်ကြည်ကြည်ညွန့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ လူငယ်အရွယ် တက်တက်ကြွကြွနဲ့ ဘဝရဲ့ တိုးတက်လမ်းကို ရှာဖွေရမယ့်အချိန် အကျဉ်းထောင်တွေအတွင်း အချိန်ကုန်နေကြရတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ စိတ်ဓာတ် ကျမသွားဘဲနဲ့ ယုံကြည်ချက်နဲ့ ရပ်တည်မှုတွေဟာ ပိုပြီး ခိုင်မာလာတာမျိုး တွေ့ရတယ်လို့ ဘားအံထောင်မှာ အကျဉ်းကျခံထားရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ မိခင် ဒေါ်အေးအေးသန်းက ပြောပါတယ်။

“ပထမပိုင်း အင်းစိန်မှာ နေတုန်းကတော့ သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလို ဖြုန်းတီးပစ်ရတဲ့ အတွက်ကြောင့် သူ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဘားအံရောက်တဲ့ အခါကြတော့ သူပြောပါတယ်၊ သူတို့ အခု ထောင်ထဲမှာ နေနေရတာ တာဝန်တခု ထမ်းဆောင်နေရတာနဲ့ အတူတူပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို အပြစ်မရှိဘဲ ထောင်ချထားတဲ့ အတွက်ကြောင့် သူတို့ကို သက်သေထားပြီး ကမ္ဘာကို တင်ပြလို့ ရတယ်တဲ့။ အဲဒီအတွက်ကြောင့် သူတို့ အလုပ်တခု လုပ်နေတာနဲ့ အတူတူပါပဲတဲ့။ အဲဒီလို သူ ခံယူချက် ပြောင်းသွားတယ်။”

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ မိခင် ဒေါ်အေးအေးသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ ထည့်သွင်း ပြောဆိုနေတာ ဖြစ်သလို မြန်မာစစ်အစိုးရကိုလည်း ဖိအားပေးနေတာတွေ ရှိပေမဲ့ တိုးတက်တဲ့ လိုက်လျောမှုမျိုးတွေ မရှိခဲ့ဘူးလို့လည်း သုံးသပ်ကြပါတယ်။

တခါ မကြာသေးခင် ရက်ကတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ ထောင်ဝင်စာ တွေ့ရာမှာ အခက်အခဲ ကြုံနေရတာတွေကို ဘယ်လိုဥပဒေတွေနဲ့ ကန့်ကွက် တောင်းဆိုနိုင်သလဲ ဆိုတဲ့ ထောင်စည်းမျဉ်း စည်းကမ်းဆိုင်ရာ စာအုပ်တအုပ်ကို ဖြန့်ဝေသွားဖို့ စီစဉ်နေတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

XS
SM
MD
LG